ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများ FDA က လုပ်ဆောင်မည် 

ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာများတွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများ FDA က လုပ်ဆောင်မည် 
Published 25 December 2017

ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်ဆေးရုံကြီးဝင်း အတွင်းရှိ မုန့်အရောင်းဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင်စစ်ဆေးစဉ် (ဓာတ်ပုံ - ကြည်နိုင်) 

လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှစ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများတွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဌာနအနေနဲ့ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ကျေးလက် ဒေသတွေမှာ ပညာပေးဖို့နဲ့ လှည့်လည်စစ်ဆေးဖို့ လုပ်ထားတာ ရှိပါတယ်။ ရန်ကုန်တိုင်းက ခရိုင်အားလုံးမှာ ခရိုင်အလိုက် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါက်တာမင်းဝံက ပြောကြားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးများအားလုံးကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စားသောက်ကုန်နမူနာ စစ်ဆေးမှုများအပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ ထည့်သွင်းထားခြင်း ရှိ မရှိကိုလည်း စစ်ဆေးလျက် ရှိကြောင်းနှင့် ကျေးရွာအရောက် ပညာပေးခြင်းလုပ်ငန်းများကို ကျေးရွာအချို့တွင်လည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် လုပ်ငန်းတည်နေရာ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ရက်စွဲ၊ ထုတ်လုပ်အပတ်စဉ် အမှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် အမှတ်နှင့် လိုင်စင်အမှတ်များ ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း၊ အစားအသောက် ထုတ်လုပ်သူများ အနေဖြင့် မိမိတို့ ထုတ်လုပ်သည့် အစားအသောက်များ၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် အထက်ပါ အချက်အလက်များကို  ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ထည့်သွင်းဖော်ပြရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် အမှတ်တံဆိပ် ဖော်ပြချက်တွင် သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာ မပါရှိပါက ဇူလိုင် ၁ ရက်မှစ၍ ဥပဒေအရ စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း ကြေညာပြီးဖြစ်သည်။

အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ ဧပြီ ၁ ရက်က ရန်ကုန်မြို့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စသည့် အဖွဲ့အစည်းများနှင့် ပြည်တွင်း အစားအသောက် ထုတ်လုပ်သူ လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဆွေးနွေးမှုအရ အချိန်သုံးလ ထပ်မံစောင့်ဆိုင်း ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၁၀၀ ကျော်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဈေးကွက်အတွင်း ရောက်ရှိနေသော အန္တရာယ်ရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ်လျက်ရှိပြီး အသိပညာပေး လုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ကျေးရွာအရောက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

 

Most Read

Most Recent