ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် စံချိန်တင်ဖမ်းဆီးရမိသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများ

ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် စံချိန်တင်ဖမ်းဆီးရမိသည့် လက်နက်များနှင့် မူးယစ်ဆေးဝါးများ
Published 24 December 2017

မောင်တောနယ်စပ်တွင် ဖမ်းဆီးရမိသော ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို တာဝန်ရှိသူတို့ စစ်ဆေးနေစဉ်

၂၀၁၇ ခုနှစ်အတွင်း  ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် မူးယစ်ဆေးဝါးအများအပြားနှင့် လက်နက်များဖမ်းဆီးရမိမှုနှင့် ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြိမ်ကြိမ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ကာလတန်ဖိုး စံချိန်တင်ဖမ်းဆီးရမိမှုများကို ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြလိုက်ပါသည်။

၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သာကေတမြို့နယ် (၆/ အနောက်) ရပ်ကွက် (၇)ဈေး အနီးရှိ နေအိမ်တစ်အိမ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာ အဆိုပါနေအိမ်ရှေ့၌ လိုင်စင်မဲ့ ယာဉ်သုံးစီး၊ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးအများအပြားနှင့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်၊ ကျည်ဆန်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါ (၆/ အနောက်) ရပ်ကွက်ရှိ နေအိမ်ကို  ဖမ်းဆီးပြီးနောက် ကွင်းဆက်အဖြစ် သာကေတမြို့နယ် (၉) ရပ်ကွက် ကမာကြည်လမ်းမကြီးရှိ နေအိမ်တစ်အိမ်သို့ ထပ်မံဝင်ရောက်ရှာဖွေ ရာယင်းနေအိမ်၌ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်က မောင်တောနယ်စပ်တွင် ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၈ သန်းကျော် ဖမ်းဆီးရမိခဲ့သည်။ ယင်းတန်ဖိုးမှာ ၂၀၁၇ ခုနှစ်အတွင်း တစ်ပြိုင်တည်းဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများအနက် စံချိန်တင်လည်း ဖြစ်သည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၁ ရက် ညနေ ၄ နာရီတွင် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦး၊ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းဦးစီးအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မောင်တောမြို့နယ် မြို့ဦးကျေးရွာအုပ်စု ဇူလရွာနေ အာဆော့ဒူလာ (ဘ) မော်ဂူလာမောက်၏ နေအိမ်သို့ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်အောက်ခန်း ဂိုဒေါင်အတွင်းမှ မူးယစ်ဆေးဝါးဟု ယူဆရသော အဝါရောင်ပီနံအိတ် ကိုးအိတ်ခွဲဖြင့်ထုပ်ထားသော WY ပန်းရောင်စိတ်ကြွဆေးပြားထုပ် ၁၈၆ တောင့်၊ တစ်တောင့်လျှင် အပြား  ၉၇၅၀၊ စုစုပေါင်းဆေးပြား ၁၈၁၃၅၀၀ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိ သည့် စိတ်ကြွဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်း ၃၆၂၇၀  ဖြစ်ကြောင်း သိရပြီး ဖြစ်စဉ်မှ တရားခံ အာဆော့ဒူလာ (ဘ) မော်ဂူလာမောက်ကို သက်သေခံပစ္စည်းနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မောင်တောမြို့တွင်းသို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးမှ ကျပ်သိန်း ၁၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တောမြို့ အဝင်တံတားဂိတ်၌ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက် နံနက်က ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မောင်တောမြို့နယ် ဇူလကျေးရွာနှင့် မကျည်းကုန်းကျေးရွာကြားရှိ လယ်ကွင်းတွင် ကာလတန်ဖိုး ကျပ်သိန်း ၁၁၁၉၃ ဖိုးရှိ WY စိတ်ကြွဆေးပြား ၅၅၉၆၅၀ ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီးရမိခဲ့သည်။

အလားတူ ၂၀၁၇ ခုနှစ် နိုဝင် ဘာ ၂၉ ရက်က မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့တွင် ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အဆိုပါတစ်နေ့တည်းမှာပင် ဘူးသီးတောင်မြို့တွင်လည်း မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် နံနက် ၇ နာရီက ပရိုဘောက်အဖြူရောင်တစ်စီးဖြင့် လူနှစ်ဦးက ဘူးသီးတောင်မြို့ အနောက်ရပ်ကွက် ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံအနီးသို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးဟုယူဆရသည့် အထုပ်နှစ်ထုပ် လာရောက်ထားသွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ပရဟိတဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ ဓမ္မာရုံဟောင်းတွင် အဝါရောင်ပီနံအိတ်အတွင်း ပလတ်စတစ်အကြည်ရောင်ဖြင့် ပတ်ထားသောအထုပ် ၁၅၈ ထုပ် စုစုပေါင်း ဆေးပြား ၃၁၆၀၀၀၊ ခန့်မှန်းတန်ဖိုး ကျပ် ၆၃၂၀၀၀၀၀၀ ရှိ WY စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent