အမြန်လမ်း မိုင်တိုင် ၈၃ အနီးတွင် တည်းခိုနေထိုင်သော ဘင်္ဂါလီရှစ်ဦး အပါအဝင် လိုက်ပါပို့ဆောင်သူနှင့် လက်ခံထားသူများ စုစုပေါင်း ၁၂ ဦးတို့အား ဖဒိုနယ်မြေရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးလျက်ရှိ

အမြန်လမ်း မိုင်တိုင် ၈၃ အနီးတွင် တည်းခိုနေထိုင်သော ဘင်္ဂါလီရှစ်ဦး အပါအဝင် လိုက်ပါပို့ဆောင်သူနှင့် လက်ခံထားသူများ စုစုပေါင်း ၁၂ ဦးတို့အား ဖဒိုနယ်မြေရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးလျက်ရှိ
Published 24 December 2017

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေ ရဲစခန်းအပိုင် အမြန်လမ်းမကြီး ၈၃ မိုင်အနီးရှိ နေအိမ် နှစ်အိမ်တွင် တည်းခိုနေထိုင်သော ဘင်္ဂါလီ ရှစ်ဦး၊ လိုက်ပါပို့ဆောင်သူနှစ်ဦး၊ လက်ခံထားသူ နှစ်ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ဖမ်းဆီးရမိထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဖဒိုနယ်မြေရဲစခန်းတွင် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အဲဒါတော့ ဟုတ်တယ်။ ကျား ငါးဦး၊မ သုံးဦး ညနေ ၅ နာရီခွဲလောက်က မိတယ်။ အခု စခန်းမှ လဝက အဖွဲ့တွေရော၊ ဒုမြို့နယ်တို့ရော စစ်တုန်းပဲ ရှိသေးတယ်။ နေပြည်တော်ဘက်က လာတာဖြစ်မှာပေါ့။ ဒီကိုလှမ်းပြီးတော့ လဝက လှမ်းပြောလို့ လိုက်သွားတာ။ မိတာကတော့ မြို့ချောင်းမှာပေါ့။ စကားပြန်နဲ့ မေးတုန်း ရှိသေးတယ်။ ဖဒိုရဲစခန်းမှာပဲ တစ်ဦးချင်း စစ်တုန်းမေးတုန်း ရှိသေးတယ်” ဟု ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်က ဖဒိုနယ်မြေရဲစခန်းမှ အနောက်ဘက် ၇ မိုင်ခန့်အကွာ မြို့ချောင်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၃ မိုင် ၆ ဖာလုံအနီး ဦးစံသိန်း ၆၂ နှစ် မှုခင်းရှုထောင့် သတင်းထောက် မြို့ချောင်းကျေးရွာနေသူ ပိုင်ဆိုင်သည့် ခြံဝန်းအတွင်းရှိ တဲထဲ၌ ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲထွဋ်ကိုဦးစီးအဖွဲ့နှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ဘင်္ဂါလီများအား လိုက်ပါပို့ဆောင်သူ ဒေါ်ကြူကြူ ၅၈ နှစ်(ဘ) ဦးစံထွန်း၊ ညောင်ဦးဖီးလမ်း အမှုထမ်းရပ်ကွက် သန်လျင်မြို့ ရန်ကုန်တိုင်းဒေသကြီး၊ ကိုမျိုးမင်းမင်းထွန်း ၃၃ နှစ် (ဘ) ဦးသိန်းထွန်း၊ ကျီးစုအရှေ့ရွာ ဒဂုံဆိပ်ကမ်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူတို့နှင့်အတူ ဘင်္ဂါလီလူမျိုး ကျား ငါးဦး၊ မ တစ်ဦး စုစုပေါင်းခြောက်ဦးတို့အား ကနဦးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း ၊ ဖမ်းဆီးရမူများအား ဆက်လက်စစ်ဆေးခဲ့ရာ မြို့ချောင်းကျေးရွာနေ ဦးခင်ရွှေ ၆၁ နှစ် (ဘ) ဦးစံအေး၏နေအိမ်မှ ဘင်္ဂါလီအမျိုးသမီး နှစ်ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း၊ နေအိမ်နှစ်ခုမှ ဖမ်းဆီးရမိသည့် ဘင်္ဂါလီလူမျိုး ကျား ငါးဦး၊ မ သုံးဦး စုစုပေါင်းရှစ်ဦးတို့အား ဒေါ်ကြူကြူနှင့် ကိုမျိုးမင်းမင်းထွန်းတို့က ဒီဇင်ဘာ ၁၇ ရက်တွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပေါက်တောကျေးရွာမှ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်၌ နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဒေါ်ခိုင်ခိုင်မြင့် ၄၀ နှစ်ခန့် (ဘ) ဦးအုန်းမြင့် ပုပ္ဗသီရီ မြို့နယ်နေသူ၏ နေအိမ်တွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်ခန့်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ ဒီဇင်ဘာ ၂၁ ရက်၌ အမြန်လမ်း ၈၃ မိုင်အနီးရှိ ဦးစံသိန်း၏နေအိမ်သို့ ရောက်ရှိတည်းခိုနေထိုင်ပြီး ရန်ကုန်သို့ ဆက်လက်ထွက်ခွာရန် စီစဉ်ထားစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent