တစ်နိုင်ငံလုံးရှိ အဝေးသင်တက္ကသိုလ်၊ ဌာနခွဲအသီးသီးရှိ ၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများ ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်

တစ်နိုင်ငံလုံးရှိ အဝေးသင်တက္ကသိုလ်၊ ဌာနခွဲအသီးသီးရှိ ၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများ ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်
Published 24 December 2017

ရန်ကုန်အဝေးသင်တက္ကသိုလ်ကို တွေ့ရစဉ်

တစ်နိုင်ငံလုံးရှိ အဝေးသင်တက္ကသိုလ် ဌာနခွဲအသီးသီးရှိ ၂၀၁၈ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။         အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်ခွင့်ရရှိသူများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကျောင်းအပ်လက်ခံမည် ဖြစ်ပြီး ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို ၂၀၁၈ ခုနှစ် မတ် ၃၀ ရက် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ အဝေးသင်တက္ကသိုလ်ဝင်ခွင့်ရရှိသူများသည် အခကြေးငွေများကို မိမိတို့နှင့် သက်ဆိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့်ကောလိပ်များရှိ အဝေးသင်တက္ကသိုလ် ဌာနခွဲများသို့ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေး ချယ်ရေးအဖွဲ့၏ ခွင့်ပြုမိန့်ဖြင့် အမှတ်စဉ်ဖော်ပြပြီး ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ ၄၅ ရက်အတွင်း မပျက်မကွက် တစ်ကြိမ်တည်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သိပ္ပံ အထူးပြုကျောင်းသား ကျောင်းသူများအနေဖြင့် လက်တွေ့သင်တန်းများကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်တက်ရောက်ရမည်ဖြစ်ပြီး ပထမနှစ်ဝက်စာစဉ်များကို မေ ၃၁ ရက်တွင်လည်းကောင်း၊ ဒုတိယနှစ်ဝက် စာစဉ်များကို ဇူလိုင် ၃၁ ရက်တွင်လည်း ကောင်း နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

“စာစဉ်တွေ တင်တဲ့အခါမှာ သတ်မှတ်ထားတဲ့ကာလအတွင်း တင်ကြဖို့ပြောချင် ပါတယ်။စာစဉ်တင်ပြီးရင်လည်း စာစဉ်တင်ပြီးသူများစာရင်းကို ကျောင်းမှာ ထုတ်ပြန် ကြေညာပေးထားပါတယ်။ အချို့ပထမနှစ်ဝက်နဲ့ဒုတိယနှစ်ဝက်ကို သတ်မှတ်ထားတဲ့ ကာလတွေမှာ မတင်ဘဲ နှစ်မျိုးပေါင်းတင်တာတွေ ရှိပါတယ်။ အဲဒီလိုတင်လို့ မရပါဘူး။ ပထမနှစ်ဝက်စာစဉ်ကို ပထမနှစ်ဝက်အတွက် သတ်မှတ်ထားတဲ့ကာလအတိုင်း ဒုတိယနှစ်ဝက်စာစဉ်ကို ဒုတိယနှစ်ဝက်ရဲ့ သတ်မှတ်ထားတဲ့ကာလအတိုင်း တင်ရမှာဖြစ်ပါတယ်။ စာစဉ်တင်တဲ့နေရာမှာလည်း ကိုယ်တိုင်ရေးတင်ကြဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်တိုင်ရေးမရေးကိုလည်း လက်ရေးမူတွေနဲ့ စစ်ဆေးမှာပါ။ စာမေးပွဲအအောင်၊ အရှုံးကိုလည်း စာစဉ်တွေမှာရတဲ့ အမှတ်နဲ့ စာမေးပွဲမှာရတဲ့အမှတ်ပေါင်းပြီး စဉ်းစားဆုံးဖြတ်မှာဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။၂၀၁၈ ပညာသင်နှစ် အဝေးသင်တက္က သိုလ်၏ သင်ကြားရေးစနစ်ဖြင့် သင်တန်းနှစ် အသီးသီးတက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများသည် စာစဉ်များကို မပျက်မကွက် မိမိကိုယ်တိုင်ဖြေဆိုတင်သွင်းကြရ မည်ဖြစ်ပြီး စာစဉ်များကို ဖြေဆိုပြီး သတ်မှတ်ရက်အတွင်း (စာစဉ်တင်သွင်းရန် နောက်ဆုံးရက်မတိုင်မီ) အချိန်မီ တင်သွင်းရန် ပျက်ကွက်ပါက Inc (Incomplete) ဟု သတ်မှတ်ပြီး စာမေးပွဲကျရှုံးမည်ဖြစ်ကြောင်း စာစဉ်များကို သင်တန်းသားကိုယ်တိုင် လက်ရေးဖြင့် သတ်မှတ်စာစဉ်အဖြေလွှာများပေါ်တွင် ဖြေဆိုရန် အခြားသူများကို ဖြေခိုင်းထားသည်ကို စစ်ဆေးတွေ့ရှိရပါက စာစဉ်အမှတ်များအတွက် လုံးဝအမှတ်ပေးမည်မဟုတ်ဘဲ စာမေးပွဲတွင် သင်တန်းသားဖြေဆိုသော လက်ရေးနှင့်တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး ကွဲလွဲမှုရှိပါက စာစဉ်ဖြေဆိုမှုကို ပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ပညာသင်နှစ်၌ ရန်ကုန်အဝေး သင်တက္ကသိုလ်၌ သိပ္ပံကျောင်းသားဦးရေ ၃၃၆၃၇ ဦး၊ ဝိဇ္ဇာကျောင်းသားဦးရေ ၂၀၅၈၆၆ ဦး၊ စုစုပေါင်း ၂၃၉၅၀၃ ဦးရှိပြီး မန္တလေး အဝေးသင်တက္ကသိုလ်၌ သိပ္ပံကျောင်းသားဦးရေ ၂၁၀၆၇ ဦး၊ ဝိဇ္ဇာကျောင်းသားဦးရေ ၂၃၆၁၀၆ ဦးနှင့် စုစုပေါင်း ၂၅၇၁၇၃ ဦးရှိ ကြောင်း သိရသည်။

 

Most Read

Most Recent