ရေစကြိုမြို့နယ်အတွင်း စာသင်ကျောင်းသုံးကျောင်းကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် တည်ဆောက်နိုင်ခြင်းမရှိသည့် ကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့် ချမပေးတော့ဘဲ စာချုပ်ပါစည်းကမ်းများဖြင့် အရေးယူရန် စီစဉ်နေ

ရေစကြိုမြို့နယ်အတွင်း စာသင်ကျောင်းသုံးကျောင်းကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် တည်ဆောက်နိုင်ခြင်းမရှိသည့် ကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့် ချမပေးတော့ဘဲ စာချုပ်ပါစည်းကမ်းများဖြင့် အရေးယူရန် စီစဉ်နေ
Published 24 December 2017

ဟိန်းမော်ကွန်းကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး လုပ်ငန်းအပြီးမသတ်နိုင်ခဲ့သည့် ၄၆၈ သိန်း ချထားပေးသည့် ဗလဗကျေးရွာ စာသင်ဆောင်အား မြင်တွေ့ရစဉ်

ရေစကြိုမြို့နယ်အတွင်း စာသင်ကျောင်းသုံးကျောင်းအား သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ခြင်းမရှိသည့် ဟိန်းမော်ကွန်း ကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့် ချထားမပေးတော့ဘဲ စာချုပ်ပါ စည်းကမ်းများဖြင့် အရေးယူနိုင်ရန် စီစဉ်နေကြောင်း ရေစကြိုမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။

ရေစကြိုမြို့နယ် ဗလဗ၊ လှေခုပ်နှင့် မအူအောက်ဆိပ်ကျေးရွာများရှိ စာသင်ကျောင်းများအား ဟိန်းမော်ကွန်းကုမ္ပဏီက ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် တင်ဒါယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာများမှ အဆောက်အအုံများအား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိဘဲ ရပ်နားခဲ့ရကြောင်း သိရသည်။

ဗလဗ၊ လှေခုပ်ရွာတို့ရှိ တစ်ထပ်စာသင်ကျောင်းများနှင့် မအူအောက်ဆိပ်ကျေးရွာရှိ နှစ်ထပ် စာသင်ကျောင်းအား ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျခံ သုံးစွဲ တည်ဆောက်ခြင်းဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် ဟိန်းမော်ကွန်းကုမ္ပဏီက သတ်မှတ်ချိန်တွင်း မပြီးစီးသည့်အတွက် ထပ်တိုးအချိန်များ ထပ်မံခွင့်ပြုခဲ့သော်လည်း ယနေ့တိုင် အပြီးသတ်နိုင်ခြင်းမရှိကြောင်း သိရသည်။

“သူတို့ယူထားတဲ့ စီမံကိန်းတွေကို ကာလ ကန့်သတ်ချက်ထဲမှာ ပြီးအောင်ဆောက်ရမယ်။ သဘာဝဘေးအန္တရာယ်ကြောင့်သော် လည်းကောင်း၊ စစ်ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း မမျှော်လင့်တဲ့ အခြေ အနေတွေ တစ်မျိုး။ ဒီလိုမဟုတ်ဘဲ သူ့ဘက် က ချို့ယွင်းချက်နဲ့မပြီးခဲ့တာ ဖြစ်တဲ့အတွက် ကုမ္ပဏီဘက်က သွင်းထားတဲ့ငွေကို ကော်မတီ နဲ့ ထုတ်သုံးမယ်။ နောက်တစ်ခါ စာချုပ်ထဲမှာ  ဆောက်လုပ်မှုတွေမှာ နောက်ဆုံးရပ်သွားတဲ့ ရက်ကနေ ဒီနေ့အထိ တစ်ရက်ကို ငါးသောင်း နှုန်းနဲ့ ဒဏ်တပ်ရမယ်လို့ ပါပါတယ်။ အဲဒါကို တိုင်းတာဝန်ရှိသူတွေနဲ့ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ ဆွေးနွေးဖို့ရှိပါတယ် ” ဟု ရေစကြိုမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးတင်ဌေးအောင်က ပြောကြားသည်။

ဟိန်းမော်ကွန်းကုမ္ပဏီက အပြီးသတ် တည်ဆောက်နိုင်ခြင်းမရှိသည့် ကျောင်းများ နှင့်ပတ်သက်၍ ကျန်ရှိနေသည့် ကျောင်းအဆောက်အအုံ အစိတ်အပိုင်းများအား ကျေးရွာရှိ ကျောင်းကြီးကြပ်ရေးကော်မတီက ဆက် လက်တည်ဆောက်နေရကြောင်း သိရသည်။

“၁၉ ရက်၊ ၁၁ လ၊ ၂၀၁၆ ခုနှစ်မှာ ဟိန်းမော်ကွန်းကုမ္ပဏီက တာဝန်ယူဆောက်ပါတယ်။ ကျောင်းကတော့ ၂၅ ရာခိုင်နှုန်းပဲပြီး သွားတယ်။ အဲဒီပြီးသွားတဲ့ ၂၅ ရာခိုင်နှုန်း ငွေကို သူတို့ကုမ္ပဏီက ထုတ်ယူသွားတယ်လို့ သိရတယ်။ ကျန်တဲ့ငွေနဲ့ ကျောင်းကို ကျွန်တော်တို့ ကော်မတီက ဆက်ဆောက်နေရတယ်” ဟု ရေစကြိုမြို့နယ် ဗလဗ ကျေးရွာ ဦးလှဌေးက ပြောကြားသည်။

ရေစကြိုမြို့နယ်အတွင်း စာသင်ကျောင်း သုံးကျောင်းအား သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ခြင်းမရှိသည့် ဟိန်းမော်ကွန်းကုမ္ပဏီအား ယခုဘဏ္ဍာနှစ်တွင် မကွေးတိုင်းအတွင်းရှိ စီမံကိန်းလုပ်ငန်းများအား လုပ်ကိုင်ခွင့် မပေးတော့ကြောင်းနှင့် အာမခံကြေး ငါးရာခိုင်နှုန်းအား ကျောင်းများ ဆောက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရစီမံကိန်း အဆောက်အအုံများ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ အချို့သော စီမံကိန်း အဆောက်အအုံများမှာ အရည်အသွေးပြည့်မီခြင်း မရှိသည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်နေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ ပူးပေါင်း၍ လုပ်ငန်းများအား စိစစ်နေရကြောင်း သိရသည်။

Most Read

Most Recent