၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်းသေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု ၁၄၁ ကောင်အထိရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်းသေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု ၁၄၁ ကောင်အထိရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်
Published 24 December 2017

၂၀၁၀ ပြည့်နှစ် မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ တောဆင်ရိုင်း သေဆုံးမှုနှင့် သတ်ဖြတ်ခံရမှု ၁၄၁ ကောင်အထိရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါသေဆုံးခဲ့သည့် တောဆင်ရိုင်းများသည် ပဲခူးတိုင်းဒေသကြီးတွင် သေဆုံး ၁၂ ကောင်၊ သတ်ဖြတ်ခံရမှု ၁၆ ကောင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် သေဆုံး ၂၆ ကောင်၊ သတ်ဖြတ်ခံရမှု ၃၆ ကောင်၊ မန္တလေးတိုင်းဒေသကြီးတွင် သေဆုံးခြောက်ကောင်၊ သတ်ဖြတ်ခံရမှု တစ်ကောင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သေဆုံးနှစ်ကောင်၊ ကချင်ပြည်နယ်တွင် သေဆုံးတစ်ကောင်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် သေဆုံး ၁၅ ကောင်၊ သတ်ဖြတ်ခံရမှု ငါးကောင်၊ ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးခြောက်ကောင်၊ သတ်ဖြတ်ခံရမှု ရှစ်ကောင်၊ မကွေးကိုင်းဒေသကြီးတွင် သေဆုံးသုံးကောင်၊ သတ်ဖြတ်ခံရမှုတစ်ကောင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သေဆုံးတစ်ကောင်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် သတ်ဖြတ်ခံရမှု နှစ်ကောင်တို့ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သြဂုတ်လအရောက်တွင် ဒေသတွင်းလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများက ယင်းအချိန်အထိ သတ်ဖြတ်အရေခွံဆုတ်ခွာခံခဲ့ရသည့် တောဆင်ရိုင်းအရေအတွက်သည် အနည်းဆုံး ၃၀ ရှိမည်ဟု တွက်ချက်ထားခဲ့ကာယင်းသည် သီတင်းတစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရခြင်းဖြစ်သည်။

ယခုအချိန်၌ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြားတွင်သာ ကျန်ရှိတော့သည်ဟု တရားဝင်ခန့်မှန်းထားသော်လည်း ယင်းပမာဏအောက် များစွာလျော့နည်းနေနိုင်ကြောင်း ခန့်မှန်းသူများက ဆိုထားသည်။

ဆင်၏အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ဈေးကွက်တွင် ဝယ်လိုအားမြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာတစ်နေရာ ဖြစ်လာနေပြီး ပုံမှန်အားဖြင့် ဆင်များကို အဆိပ်လူးမြား သို့မဟုတ် အားပြင်းသည့် ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ကြခြင်းဖြစ်သည်။

၎င်းတို့၏ သားရေကိုခွာယူခြင်းမခံရမီ ဆင်များသည် မချိမဆန့်ဝေဒနာကို တမြေ့မြေ့ခံစားရင်း သေဆုံးကြရခြင်းဖြစ်ပြီး သားရေများ၊ အစွယ်များနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြည်တွင်းနှင့်ပြည်ပသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများကို ရာဇဝတ်အဖွဲ့အစည်းများက ဒေါ်လာဘီလျံပေါင်းများစွာသုံးကာ လည်ပတ်ဆောင်ရွက်နေကြကြောင်း၊ တောရိုင်းတိရစ္ဆာန် ပေါများနေဆဲဖြစ်ခြင်းကြောင့်လည်းကောင်း၊ မြန်မာအပါအဝင် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ နယ်စပ်များထိစပ်နေသည့် မှောင်ခိုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုကြရာ ရွှေတြိဂံဒေသကဲ့သို့သော နယ်မြေတည်ရှိနေခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံသည် ယင်းတရားမဝင်ကုန်သွယ်မှုဒဏ်ကို ခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်မှုခံနေရသည့် မြန်မာ့ဆင်များနှင့်ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနမှဦးဆောင်၍ မြန်မာနိုင်ငံတွင် လုပ်သားဆင်အများအပြား ပိုင်ဆိုင်ထားသော အကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းအပါအဝင် အစိုးရဌာနရှစ်ခုနှင့် အေဂျင်စီများပူးပေါင်းပြီး မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်းအစီအစဉ်ကို ရေးဆွဲခဲ့ကြောင်း သိရသည်။

Most Read

Most Recent