<

ကျပ်သိန်း ၅၀၀၀ ခန့် ထုတ်ချေးနိုင်မည့်ချေးငွေကို ရန်ကုန်မြို့၌ ကုန်ထုတ်လုပ်မှု ဦးစားပေးလုပ်ကိုင်နေသည့် စက်မှုဇုန်များမှ SMEs လုပ်ငန်းရှင်များအား လာမည့်မတ်လတွင် စတင်ထုတ်ချေးနိုင်မည်ဟုဆို

ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေသည့် စက်မှုဇုန်များကို ကျပ်သိန်း ၅၀၀၀ ခန့် ထုတ်ချေးပေးနိုင်မည့် SMEs ချေးငွေများကို ၂၀၁၈ ခုနှစ်မတ်လအတွင်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က UMFCCI တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်မှုအသင်း ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်၊ စက်မှုဇုန်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ SME ကော်မတီအစည်းအဝေးတွင် SMIDB ဘဏ်မှ CEO ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဒီရက်ပိုင်းခွင့်ပြုချက်ကတော့ သိန်း ၅၀၀၀ ထက်မပိုဘူးပေါ့။ သိန်း ၅၀၀၀ ထက်မပိုဘဲ JICA သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ထုတ်ချေးပေးမှာ။ ထုတ်ချေးပေးတဲ့အခါမှာလည်း JICA က ခွင့်မပြုတဲ့လုပ်ငန်းဆိုရင်တော့ ကျွန်တော်တို့ထုတ်ချေးလို့မရဘူးပေါ့” ဟု ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

ယခင်က SMEs ချေးငွေများ ထုတ်ချေးပေးရာတွင် စက်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့သော်လည်း ယခုထုတ်ချေးပေးမည့် SMEs ချေးငွေများကိုမူ JICA ၏မူဝါဒအရ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

“အခု JICA ကတော့ စက်မှုလုပ်ငန်းထက် Production လုပ်ငန်းကိုဦးတည်ပေးပါဆိုပြီး ပြောပါတယ်။ ဒါကြောင့်မို့ Production ကို ဦးတည်ပြီးသွားပါ့မယ်” ဟု ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

အဆိုပါချေးငွေများ ထုတ်ချေးပေးရာတွင် တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငါးနှစ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ ချေးငွေပြန်ဆပ်ရန်အတွက် ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် ၁၀ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ရာခိုင်နှုန်း ၂၀ နှင့် နောက်ဆုံးနှစ်တွင် ကျန်ငွေအားလုံး ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

SMEs ချေးငွေများ ထုတ်ချေးပေးနိုင်ရန်အတွက် JICA က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် SMIDB ဘဏ်သို့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ SMIDB ဘဏ်မှ ၂၀၁၈ ခုနှစ်မတ်လအတွင်း ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

“JICA က ဖေဖော်ဝါရီလထဲမှာ ထုတ်ချေးပေးမှာ။ ကျွန်တော်တို့က လုပ်ငန်းလုပ်ဆောင်ရန် တစ်လလောက်ကြာမှာဆိုတော့ မတ်လလောက်မှာ စတင်ထုတ်ချေးပေးပါလိမ့်မယ်” ဟု ဒေါက်တာဇေယျာညွန့်က ပြောကြားသည်။

လက်ရှိတွင် SMIDB ဘဏ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် (SMEs) အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် ကျပ်ဘီလျံ ၂၀ ကျော် ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရသည်။

ယခင်က ထုတ်ချေးပေးထားသည့် လုပ်ငန်းအမျိုးအစားများသည် စက်မှုလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ လူသုံးကုန်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်ရက်ကန်းလုပ်ငန်း စသည့်လုပ်ငန်းပေါင်း ၁၀ ခုကို ထုတ်ချေးထားခြင်းဖြစ်ကြောင်း သိရသည်။

December 23, 2017














Copy Protected by Chetan's WP-Copyprotect.