ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို ကျောက်မဲမြို့ လူထုတွေ့ဆုံပွဲကို အုပ်ချုပ်ရေးပိုင်းက ခွင့်မပြုသောကြောင့် ရှမ်းအဖွဲ့အစည်းများက ကျန်ပွဲများပြုလုပ်ခြင်း ရပ်ဆိုင်း

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို ကျောက်မဲမြို့ လူထုတွေ့ဆုံပွဲကို အုပ်ချုပ်ရေးပိုင်းက ခွင့်မပြုသောကြောင့် ရှမ်းအဖွဲ့အစည်းများက ကျန်ပွဲများပြုလုပ်ခြင်း ရပ်ဆိုင်း
Published 24 December 2017

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင်ပြုလုပ်မည့် လူထုတွေ့ဆုံပွဲအား အုပ်ချုပ်ရေးပိုင်းမှ ပြုလုပ်ခွင့်မပြုသောကြောင့် ရှမ်းအဖွဲ့အစည်းများက ကျန်လူထုတွေ့ဆုံပွဲများကို ဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ဘဲ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

မူလက RCSS/SSA မှကမကထပြု၍ လူထုထံရှင်းလင်းတင်ပြသည့် အကြိုလူထုတွေ့ဆုံပွဲများအား တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုမထိခိုက်စေဘဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရက လိုအပ်သည့်ကူညီပံ့ပိုးမှုများ ညှိနှိုင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ညွှန်ကြားမှုအပေါ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် လူထုတွေ့ဆုံပွဲပြုလုပ်မည့် သက်ဆိုင်ရာမြို့အမည်များ ရေးသားကာ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ထပ်ဆင့်ညွှန်ကြားခဲ့ပြီး လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ရာ အချို့မြို့နယ်များတွင် တပ်မတော်ပိုင်းမှ လာရောက်တားမြစ်မှုရှိခဲ့သော်လည်း ဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့သည်။
သို့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ရှမ်းပြည်နယ်အစိုးရထံ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့၌သာ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ထပ်မံညွှန်ကြားခဲ့ကြောင်း၊ အဆိုပါညွှန်ကြားချက်ပေါ်မူတည်ကာ ဒီဇင်ဘာ ၂၄ ရက်တွင်ကျင်းပမည့် ကျောက်မဲမြို့၊ လူထုတွေ့ဆုံပွဲပြုလုပ်ရန်အား ခွင့်မပြုတော့ဘဲ အကြိုဆွေးနွေးပွဲကိုပင် လင်းခေး၌သာပြုလုပ်ရန် တရားဝင်စာထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့တွေ မလုပ်ဖြစ်တော့ဘူးဗျ။ ဘာမှမလုပ်ရဘူးတော့ မဟုတ်ဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့တော့ လုပ်လို့ရတယ်။ RCSS အနေနဲ့တော့ လုပ်လို့မရဘူး။ အဲဒီသဘော သက်ရောက်နေတယ်။ အဲဒါဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုဆုံးဖြတ်ကြမလဲ။ ကျွန်တော်တို့ထပ်ပြီးတော့ ဆွေးနွေးရဦးမယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

ထိုကဲ့သို့ အကြိုလူထုတွေ့ဆုံပွဲမပြုလုပ်ရပါက လင်းခေးတွင်ပြုလုပ်မည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပရန်မဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးရှိ ရှမ်းတိုင်းရင်းသားများနှင့်လည်း တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ ခွင့်ပြုချက်မရသေးကြောင်း ဦးစိုင်းလိတ်၏ ပြောကြားချက်အရ သိရသည်။

“ရှမ်းပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်ကိုကြည့်ပြီးတော့ အယုံအကြည်မရှိတော့ဘူး။ အဲဒါကြောင့်မို့ စခန်းတွေသိမ်းပြီးတော့ ရပ်လိုက်ပါတော့မယ်။ ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရအနေနဲ့ အခုတစ်မျိုးနောက်တစ်မျိုး ပြောနေတဲ့အတွက်ကြောင့်မို့ အစိုးရရဲ့လုပ်ဆောင်ချက်ကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် ရပ်လိုက်ပါပြီ။ ကျောက်မဲမှာ မြို့နယ်ခန်းမကိုလာပြီး ချိပ်ပိတ်ပါတယ်။ နောက်ပြီး မန္တလေးတိုင်းအစိုးရက ပူးပေါင်းဆောင်ရွက်လိုလို့ ခွင့်ပြုတယ်ဆိုရင်တောင် ကျွန်တော်တို့မှာ လုပ်ဖို့အဆင်မပြေတော့ပါဘူး။ အကုန်လုံးသိမ်းလိုက်တော့မှာပါ။ လင်းခေးမှာလုပ်မယ့်ပွဲကိုလည်း ပြန်သုံးသပ်ရပါလိမ့်မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးမှာ ကျွန်တော်တို့ ရှမ်းအမျိုးသားတွေ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကဏ္ဍကို ပြန်လည်သုံးသပ်ဖို့လိုအပ်ပြီလို့ပဲ ဆုံးဖြတ်ပါတယ်” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

ရှမ်းပြည်နယ်၊ လင်းခေးမြို့၌ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်ထိ သုံးရက်ကြာပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ငါးဖွဲ့သည် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်ပြင်ပရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည်သူလူထု၏ သဘောထားများရယူသော လူထုတွေ့ဆုံပွဲများအား အဖွဲ့ငါးဖွဲ့ခွဲ၍ လိုက်လံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့လည်းရှိနေသေးသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများအား ကန့်သတ်နေသည့် သဘောရှိကြောင်း တိုင်းရင်းသားအရေး လေ့လာသူအချို့က သုံးသပ်ကြသည်။

တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပမည့်နေရာ အငြင်းပွားနေမှုအပေါ် နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ် လင်းခေးမြို့၌ပြုလုပ်ရန် သဘောတူဆုံးဖြတ်ထားခြင်းဖြစ်သည်။

Most Read

Most Recent