မကွေးမြို့တွင် ကလေးစာပေပွဲတော် ပထမဆုံးအကြိမ်ကျင်းပပြီး ကျောင်းသူကျောင်းသားနှင့် ကလေးငယ်အများအပြား ပါဝင်ဆင်နွှဲ

မကွေးမြို့တွင် ကလေးစာပေပွဲတော် ပထမဆုံးအကြိမ်ကျင်းပပြီး ကျောင်းသူကျောင်းသားနှင့် ကလေးငယ်အများအပြား ပါဝင်ဆင်နွှဲ
Published 23 December 2017

မကွေးတိုင်းဒေသကြီး မကွေးမြို့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ပထမဆုံးအကြိမ်ကျင်းပသည့် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကို လူစိတ်ဝင်စားမှုများခဲ့ပြီး ကလေးငယ်အများအပြား ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးတွေကဆိုရင် ပြီးခဲ့တဲ့နှစ်များကတည်းက ကျောင်းပညာရေးတစ်ခုတည်းကိုပဲ အလွတ်ကျက်၊ နှုတ်တိုက်ခေတ်ကာလတွေကို ကျော်ဖြတ်ခဲ့ရပြီးတော့ ပြင်ပစာပေတွေကို လေ့လာလိုက်စားမှု၊ ခုံမင်တပ်မက်မှုမရှိခဲ့ဘူး။ လူကြီးတွေကလည်း အားမပေးခဲ့ဘူး။ ဆရာ၊ ဆရာမတွေကလည်း အားမပေးခဲ့ဘူး။ ကျွန်တော်တို့ နိုင်ငံတော်အစိုးရသစ်လက်ထက်မှာတော့ ကျောင်းပညာရေးသာမက ပြင်ပစာပေတွေ လေ့လာနိုင်အောင်၊ ဗဟုသုတတွေ လေ့လာနိုင်အောင် ပြန်လည်တွန်းအားပေးပြီး မြေတောင်မြှောက်ပေးရမှာ ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဆက်လက်၍ “ခုခေတ်မှာတော့ အိုင်တီခေတ်ဖြစ်လာပြီး ဖုန်းတွေပွတ်နေကြတယ်။ ဒါတွေဟာ နိုင်ငံဖွံ့ဖြိုးဖို့အတွက် နှေးကွေးစေတယ်။ ဒါတွေက ခေတ်မီဖွံ့ဖြိုးတဲ့တိုင်းပြည်အနေနဲ့ မရပ်တည်နိုင်ဘူးဆိုတာကို တွေ့မြင်လာတဲ့အချိန်မှာ ကလေးများရဲ့စာပေများကို၊ ကလေးဘဝကတည်းက စာပေနဲ့ပတ်သက်တာတွေ မြှင့်တင်ပေးရမယ့်တာဝန်တစ်ရပ်လို့ယူဆလို့ ဒီပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

အဆိုပါ ကလေးစာပေပွဲတော်များကို နှစ်စဉ်ကျင်းပနိုင်ရန်နှင့် မကွေးတိုင်းအတွင်း အခြားမြို့များတွင်လည်း ကျင်းပနိုင်ရန် ရည်ရွယ်မျှော်မှန်းထားကြောင်း ပညာရေးမူဝါဒအပြောင်းအလဲတွင် ပြင်ပစာပေများကိုလည်း ပူးတွဲလေ့လာနိုင်ရန် ထည့်သွင်းရေးဆွဲထားကြောင်း၊ ထိုအခြေအနေများတွင် မိဘများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ ဆရာမများအပါအဝင် တာဝန်ရှိသူများက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent