<

၂၁ ရာစုပင်လုံညီလာခံ၌ စီးပွားရေးကဏ္ဍဆိုင်ရာမူဝါဒများ တင်ပြဆွေးနွေးနိုင်ရန် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ပြုလုပ်သော UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

၂၁ ရာစုပင်လုံညီလာခံ၌ စီးပွားရေးကဏ္ဍဆိုင်ရာမူဝါဒကို တင်ပြဆွေးနွေးနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တွင်ပါဝင်သည့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ၂၀ ရက်မှ ၂၂ ရက်အထိ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေရှိ 21 Paradise Hotel တွင် သုံးရက်ကြာပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသန္တရဖွံ့ဖြိုးရေးကိစ္စရပ်များ ခေါင်းစဉ်နှစ်ခုဖြင့် UPDJC ကဆွေးနွေးရန် ချမှတ်ထားကြောင်း UPDJC တွင် အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်အမျိုးသားပါတီမှ ဦးမင်းဇေယျာဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဒီလိုဆွေးနွေးပွဲလုပ်တာ ခြောက်လတစ်ဖြတ်လုပ်တယ်။ ပထမခြောက်လက တစ်ကြိမ်ပြုလုပ်ခဲ့ပြီးပြီ။ ထွက်ရှိလာတဲ့ရလဒ်ကို ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံကို ပေးပို့လိုက်တယ်။ အခုဆွေးနွေးနေတာက တတိယအကြိမ်ညီလာခံမှာ ဆက်ဆွေးနွေးမယ့် ကိစ္စရပ်တွေဖြစ်တယ်” ဟု ဦးမင်းဇေယျာဦးက ဆက်လက်ပြောကြားသည်။

“လက်ရှိမှာ မြန်မာ့စီးပွားရေးအခြေအနေက အလွန်ပဲကျဆင်းနေတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း နည်းပါးတဲ့အတွက်ကို နိုင်ငံသူ နိုင်ငံသားတွေက အခြားတစ်ဖက်နိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြရတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ဆိုရင် စီးပွားရေးမူဝါဒတစ်ရပ်ရှိနေဖို့ လိုအပ်ပါတယ်” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးခွန်ထွန်းရွှေက ပြောကြားသည်။

၎င်းက “လက်ရှိမှာပြောင်းဈေးက တစ်နှစ်ထက်တစ်နှစ် တက်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းဈေးကွက်က ပျောက်နေတယ်။ ဈေးကွက်ပျောက်နေတော့ ကုမ္ပဏီတွေကပဲ အကျိုးအမြတ်ရှိတယ်။ တောင်သူတွေအတွက် အကျိုးမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တောင်သူတွေအတွက် ဈေးကွက်ပျောက်လို့ပါ” ဟု ဆက်လက်ပြောကြားသည်။

တအာင်း (ပလောင်) အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုကလည်း “မြန်မာတစ်နိုင်ငံလုံးက ပလောင်လက်ဖက်ကို စားသုံးနေကြပေမဲ့ ပလောင်ဒေသမှာ စစ်ဖြစ်နေတဲ့အတွက်ကို ပလောင်လက်ဖက်ကို နိုင်ငံခြားအိတ်စ်ပို့ မလုပ်နိုင်တဲ့အပြင် ပြည်တွင်းစားသုံးသူများအတွက်ကိုလည်း မထုတ်လုပ်နိုင်ဘူးဖြစ်နေတယ်။ အရင်ကတည်းက ဥပေက္ခာပြုခြင်းခံခဲ့ရတဲ့ ဒေသဖြစ်နေတဲ့အခါကျတော့ စီးပွားရေးအကျပ်ရိုက်တယ်။ နောက်ပြီးစစ်ဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့အကျပ်ရိုက်နေတယ်။ ဒီပြဿနာတွေက ငြိမ်းချမ်းရေးရမှ ဖြေရှင်းနိုင်မယ်” ဟုပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဦးဆောင်ကျင်းပသည့် နိုင်ငံရေးပါတီများအစုအဖွဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအလုပ်ရုံဆွေးနွေးပွဲသို့ ကိုယ်စားလှယ် ၅၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၁ ရာစုပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍမှ မူဝါဒအဆိုပြုချက် အချက် ၂၀ ရှိသည့်အနက် သဘောတူချက် ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှ မူဝါဒအဆိုပြုချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမှ မူဝါဒအဆိုပြုချက်လေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ မူဝါဒအဆိုပြုချက် ၁၀ ချက် စုစုပေါင်းမူဝါဒအဆိုပြုချက် ၃၇ ချက်ကို သဘောတူခဲ့သည်။

December 22, 2017














Copy Protected by Chetan's WP-Copyprotect.