ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သွားသူများကို စိစစ်၍ ပြန်လည်လက်ခံရေး၊ နေရာချထားရေး လုပ်ငန်းစဉ်များ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် စတင်ဆောင်ရွက်မည်

ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်သွားသူများကို စိစစ်၍ ပြန်လည်လက်ခံရေး၊ နေရာချထားရေး လုပ်ငန်းစဉ်များ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် စတင်ဆောင်ရွက်မည်
Published 23 December 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံ သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသူများကို စိစစ်၍ ပြန်လည်လက်ခံရေး၊ နေရာချထားရေး လုပ်ငန်းစဉ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီနောက်ဆုံးပတ်မှ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ရခိုင်ပြည်နယ် မောင်တောဒေသတွင် ပြန်လည်လက်ခံရေး စခန်းများနှင့် ကျေးရွာများ စနစ်တကျ တည်ဆောက်နေမှုတို့ကို ကြည့်ရှုရန်အတွက် ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် မောင်တောဒေသရှိ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းသို့ ရောက်ရှိကာ လက်ခံရေးစခန်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် လိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြိုတိုင်းရင်းသားများ နေထိုင်ရန် ပြန်လည် နေရာချထားပေးမည့် သစ်တုံးနားခွဆုံကျေးရွာနှင့် ဟိန္ဒူဘာသာဝင်များကို ပြန်လည်နေရာချထားမည့် အိုးထိန်းကျေးရွာတို့တွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုေ ခြေအနေနှင့် ဒေသခံ မြိုတိုင်းရင်းသားများ၏ လိုအပ်ချက်များကို တွေ့ဆုံမေးမြန်းကာ နေအိမ်များကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံး ဆောက်လုပ်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ရေလမ်းခရီးမှ ပြန်လည် ဝင်ရောက်လာပါက လက်ခံနိုင်ရေးအတွက် ငါးခူရကျေးရွာတွင် လူနေအဆောက်အအုံများ တည်ဆောက်နေမှု၊ ဝန်ထမ်းများ နေထိုင်ရန် အဆာက်အအုံများ ဆောက်လုပ်နေမှုနှင့် လုပ်ငန်းသုံး ပစ္စည်းများ ရောက်ရှိနေမှု အခြေအနေများကို ကြည့်ရှုပြီး ၎င်းမှတစ်ဆင့် ယာယီနေထိုင်ရန် ကြားစခန်းတည်ဆောက်မည့် လှဖိုးခေါင်ကျေးရွာရှိ သတ်မှတ်မြေနေရာတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ဖြည့်စွက်ရမည့် အချက်အလက်ပုံစံများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားပြီး နိုဝင်ဘာလအတွင်းက သဘောတူညီထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် ၁၀ ချက်နှင့်အညီ ပြန်လည် လက်ခံနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent