NCA စာချုပ်အား လက်မှတ်မရေးထိုးလိုဘဲ တမင်အကြံအရွယ်ဖြင့် အချိန်ဆွဲနေခြင်းမဟုတ်ကြောင်း ပြည်သူလူထုကို ငြိမ်းချမ်းရေးဖြစ်စဉ်ရှင်းလင်းချက် KNPP ထုတ်ပြန်

NCA စာချုပ်အား လက်မှတ်မရေးထိုးလိုဘဲ တမင်အကြံအရွယ်ဖြင့် အချိန်ဆွဲနေခြင်းမဟုတ်ကြောင်း ပြည်သူလူထုကို ငြိမ်းချမ်းရေးဖြစ်စဉ်ရှင်းလင်းချက် KNPP ထုတ်ပြန်
Published 23 December 2017

KNPP ပါဝင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမှုအား တွေ့ရစဉ်

NCA စာချုပ်အား လက်မှတ်မရေးထိုးလိုဘဲ တမင်အကြံအရွယ်ဖြင့် အချိန်ဆွဲနေခြင်းမဟုတ်ကြောင်း ပြည်သူလူထုကို ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ရှင်းလင်းချက်အား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီဇင်ဘာ ၁၈ ရက် ရက်စွဲဖြင့်ထုတ်ပြန်သည်။

အပစ်အခတ်ရပ်စဲရေးဆိုသည်တွင် (က) နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် (ခ) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟူ၍ နှစ်မျိုးရှိရာ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင်လည်း (၁) ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် (၂) ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှစ်မျိုးရှိပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်တို့ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွ ဆက်လက်ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာတွင် ကချင်ပြည်နယ်၊ ကေအိုင်အိုဌာနချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များစုစည်းကာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆက်စပ်ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းပြီး အစိုးရနှင့် NCA စာချုပ်ဖြင့် တွေ့ဆုံဆွေးနွေးမှုစတင်ခဲ့ရာတွင် KNPP သည် အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုအဖြစ် စဉ်ဆက်မပြတ် ပါဝင်ဆွေးနွေးမှုပြုလုပ်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏သဘောထားမှာလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်တွင် အားလုံးပါဝင်ရေးနှင့် အတူတကွ ပါဝင်တွေ့ဆုံဆွေးနွေးအဖြေရှာသွားရန်ဟူသော ရပ်တည်ချက်ဖြင့် NCA အား အစိုးရနှင့်အတူတကွ ညှိနှိုင်းဆွေးနွေးသွားရန် သဘောထားချမှတ်ကြပါကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း NCA စာချုပ်မူကြမ်းပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး သဘောတူလက်ခံနိုင်သော အနေအထားအထိ အကျေအလည် နှစ်ဖက်ညှိနှိုင်းမှုမပြုလုပ်မီစပ်ကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCCT အဖွဲ့ဝင်၊ အဖွဲ့အစည်းအပေါင်း ၁၆ ဖွဲ့မှ ရှစ်ဖွဲ့သည် NCA စာချုပ်အား လက်မှတ်ရေးထိုးသွားရန် ဆုံးဖြတ်သွားခဲ့ကြရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွင် အတူတကွ တွေ့ဆုံဆွေးနွေးရေးဟူသော မူလသဘောထားကို ကိုင်စွဲထားရာမှ လမ်းလွှဲသွားခြင်းဖြစ်၍ KNPP အပါအဝင် ကျန်ရှိသောတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအများစုမှာ အားလုံးပါဝင်ရေးဟူသော မူအပေါ် ဆက်လက်ကိုင်စွဲပြီး ပါဝင်လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးဘဲ အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့အဝင်များနှင့်အတူ NCA လမ်းကြောင်းအတိုင်း ဆက်လက်အဖြေရှာနိုင်ရေးအတွက် အခြေခံအချက်သုံးချက်ကို မူတည်လျက် အချက်ရှစ်ချက်ပါ အဆိုပြုလွှာဖြင့် လက်ရှိအစိုးရနှင့် ဆက်လက်ဆွေးနွေး အဖြေရှာနေဆဲဖြစ်သည်။

အဆိုပါ အခြေခံအချက်သုံးချက်မှာ (၁) NCA ပါ ပြဋ္ဌာန်းချက်များအား အကောင်အထည်ဖော်ရာတွင် ပိုမိုတိကျခိုင်မာစေရန် (၂) နိုင်ငံရေးဆွေးနွေးမှုအဆင့်ဆင့်တွင် ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်ရန်နှင့် (၃) နိုင်ငံတကာအစိုးရပညာရှင်များမှ အပစ်အခတ်ရပ်စဲရေး aစာင့်ကြည့်လေ့လာမှုအဆင့်ဆင့်တွင် ပါဝင်နိုင်ရန်တို့ဖြစ်သည်။

အဆိုပြုချက်ရှစ်ချက်ဖြင့် လက်ရှိအစိုးရနှင့် ၂၀၁၆ ခုနှစ်ဇွန်မှစ၍ ညှိနှိုင်းဆွေးနွေးခဲ့ရာ ၁၇ လအကြာ ယနေ့တိုင် ဆွေးနွေးနေဆဲဖြစ်သော်လည်း တင်ကြိုသဘောတူညီနိုင်သော အချက်အလက်များနှင့် NCA ရေးထိုးပြီးအလွန်ကာလတွင် အကောင်အထည်ဖော်သွားရမည့် အချက်အလက်များအပေါ် အားလုံးလက်ခံသဘောတူနိုင်သော အခြေအနေမရှိသေးသည့်အတွက် ဆက်လက်အဖြေရှာဆဲဖြစ်၍ KNPP အနေဖြင့် NCA စာချုပ်အား လက်မှတ်မရေးထိုးလိုဘဲ တမင်အကြံအရွယ်ဖြင့် အချိန်ဆွဲနေခြင်းမဟုတ်ကြောင်း အချက်ငါးချက်ဖြင့် ရှင်းလင်းထောက်ပြထားသည်။

ယင်းအချက်ငါးချက်မှာ (၁) NCA ပြဋ္ဌာန်းချက်ပါ လမ်းပြမြေပုံ (၇) ဆင့်အရ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ အဖွဲ့အနည်းငယ်ဖြင့်သာ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း၊ (၂) လမ်းပြမြေပုံ အဆင့်နှစ်ပါ မူဘောင်ရေးဆွဲခြင်းနှင့် အတည်ပြုခြင်းတွင် မူဘောင်အား ယနေ့တိုင်အပြီးသတ် ရေးဆွဲအတည်ပြုထားခြင်းမရှိသေးခြင်းနှင့် ဆုံးဖြတ်ချက်များဖြင့်သာ ချမှတ်ပြီး အဆင်ပြေသလို အားလုံးမပါဝင်ဘဲ အကောင်အထည်ဖော်ဆောင်နေခြင်း၊ (၃) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် စုစည်းချက်များပြုလုပ်ရာတွင် သဘောတူညီချက်အတိုင်း ကျင်းပဖော်ဆောင်မှုမရှိခြင်း၊ (၄) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရာတွင် အားလုံးပါဝင်ခြင်းမရှိသကဲ့သို့ တင်ပြဆွေးနွေးသဘောတူညီမှုရယူခြင်းနှင့် ပတ်သက်ပြီး အားလုံးပါဝင်သဘောတူညီထားမှုမရှိသဖြင့် အများသဘောတူသည့် ရလဒ်ကောင်းမရရှိခြင်းနှင့် (၅) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဖွဲ့စည်းမှုအဆင့်ဆင့်တွင် ပြည်တွင်းနှင့် ပြည်ပပါဝင်မှုနှင့်ပတ်သက်ပြီး သေချာရေရာမှုမရှိသေးဘဲ အကောင်အထည်ဖော်ရာတွင် အဆင်မပြေမှုနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုရှိနေခြင်း စသည်တို့မှာ NCA စာချုပ်ပါ လမ်းပြမြေပုံ (၇) ဆင့်အရ အဆင်သင့်မဖြစ်သေးခင် စပ်ကြားအကောင်အထည်ဖော်ရာတွင် လက်ရှိကြုံတွေ့ရသည့် စိန်ခေါ်မှုများပင်ဖြစ်သည်။ ထို့ကြောင့် KNPP အနေဖြင့် အဆိုပြုချက်ရှစ်ချက်ဆွေးနွေးမှုအား အစိုးရ၊ တပ်မတော်နှင့် အကျေအလည် ညှိနှိုင်းသဘောတူညီချက်ရယူပြီး အကောင်အထည်ဖော်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ရည်ရွယ်ကာ ညှိနှိုင်းအဖြေရှာနေဆဲပင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent