မြန်မာနိုင်ငံတွင် ထပ်မံတိုးပွားလာမည့် လူဦးရေနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် လိုအပ်လာမည့် လယ်ယာမြေအသစ်များ ဖော်ထုတ်နိုင်ရန် အရေးတကြီးလိုအပ်နေကြောင်း စီမံဘဏ္ဍာဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် ထပ်မံတိုးပွားလာမည့် လူဦးရေနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် လိုအပ်လာမည့် လယ်ယာမြေအသစ်များ ဖော်ထုတ်နိုင်ရန် အရေးတကြီးလိုအပ်နေကြောင်း စီမံဘဏ္ဍာဝန်ကြီး ပြောကြား
Published 23 December 2017

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

မြန်မာနိုင်ငံတွင် ထပ်မံတိုးပွားလာမည့် လူဦးရေနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအတွက် လိုအပ်လာမည့် လယ်ယာမြေအသစ်များကို ဖော်ထုတ်နိုင်ရန် အရေးတကြီးလိုအပ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“ထပ်ပြီးတိုးလာမယ့် လူဦးရေနဲ့ နိုင်ငံသားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ နောက်ထပ်လယ်သစ်ယာသစ်တွေ ဖော်ထုတ်နိုင်ဖို့ အဓိကကျလာပြီ။ ဒါကြောင့် လယ်ယာမြေနဲ့ပတ်သက်ရင် လက်ရှိတည်ဆဲလယ်ယာမြေတွေကို ပိုပြီးအကျိုးရှိစွာအသုံးချနိုင်ရေး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့နည်းတူ လူဦးရေအတွက် ပြည့်စုံလုံလောက်စွာ ဖြည့်တင်းဖို့သာမက နိုင်ငံတော်စီးပွားရေးကို အထောက်အကူပြုနိုင်မယ့် လုပ်ငန်းဖြစ်လာမယ့် လယ်သစ်ယာသစ်တွေ ဘယ်လိုဖော်ဆောင်ရမယ်ဆိုတာ အရေးကြီးပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

“ဒီအတွက်ကြောင့် Land Reform လုပ်ရမယ်။ ရှိတဲ့ပလပ်မြေ၊ စားကျက်မြေတွေကို ပုံစံတကျ စနစ်တကျဖြစ်အောင် ပြန်လည်ဆောင်ရွက်ရပါမယ်။ ဒါက ချက်ချင်းလက်ငင်း ဆောင်ရွက်လို့မရတဲ့ လုပ်ငန်းဖြစ်ပေမယ့်လည်း မလွဲမသွေဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်သည့် လယ်ယာမြေများစွာရှိသော်လည်း အချို့အချို့သော အကြောင်းတရားများကြောင့် လယ်ယာမြေများမှာ နည်းမျိုးစုံဖြင့် အခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ပြုလိုက်ရသည့် လယ်မြေများစွာရှိကြောင်း၊ ကျန်ရှိနေသည့် လယ်မြေများမှာမူ အနီးအဝေးနှင့်အနေအထား တည်ရှိမှုအပေါ်မူတည်ပြီး တောင်သူများ၏လက်ဝယ်တွင် ကျန်ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီလက်ထက်၌ စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံ ပြန်လည်လွှဲပြောင်းပေးမည့် မြေဧကမှာ ၃၈၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ် ထိန်းသိမ်းထားရှိမည့်ဧကမှာ ၈၈၀၀၀ ကျော်နှင့် အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းရန်စွန့်လွှတ်သည့်ဧကမှာ ၁၃၀၀၀ ကျော်ရှိကြောင်း ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီလက်ထက်တွင် (၅/၂၀၁၆) မှ (၁၁/၂၀၁၇) အထိ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ အသုံးမပြုပိုလျှံလည်းကောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန်လည်းကောင်း၊ အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အတွက်လည်းကောင်း ပြန်လည်စွန့်လွှတ်မှုအပေါ် သက်ဆိုင်သူများထံသို့ လွှဲပြောင်းပေးအပ်မှုအခြေအနေမှာ အမှု ၇၉၈ မှုတွင် စုစုပေါင်းစွန့်လွှတ်မြေဧကမှာ ၁၄၀၂၈၉ ဒသမ ၈၁၇၆ ဧကရှိပြီး ၎င်းတို့အနက် စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးမည့်ဧကမှာ ၃၈၀၂၄ ဒသမ ၈၄၁၅ ဧက၊ စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ် ထိန်းသိမ်းထားရှိမည့်ဧကမှာ ၈၈၇၇၁ ဒသမ ၃၈၀၁ ဧကနှင့် အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းရန်စွန့်လွှတ်သည့်ဧကမှာ ၁၃၄၉၃ ဒသမ ၅၉၆၀ ဧကရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent