လာမည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်အမည်သစ်များ တိုးချဲ့တင်ပို့နိုင်ရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးအသင်းအဖွဲ့များ စုဖွဲ့ဆောင်ရွက်လျက်ရှိ

လာမည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်အမည်သစ်များ တိုးချဲ့တင်ပို့နိုင်ရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးအသင်းအဖွဲ့များ စုဖွဲ့ဆောင်ရွက်လျက်ရှိ
Published 23 December 2017

လာမည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်အမည်သစ်များ တိုးချဲ့တင်ပို့နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးအသင်းအဖွဲ့များစုဖွဲ့ကာ ပူးပေါင်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

“ပို့ကုန်အမယ်သစ်ကတော့ ကုန်သည်တွေရှာထားတာ အများကြီးပါပဲ။ သစ်သီးဝလံထဲကလည်း ထောပတ်သီးရှိပါတယ်။ ဒါတွေက ပို့ချင်တိုင်းပို့လို့မရဘူး။ ပို့တဲ့သူကလည်း တွက်ချေကိုက်မှရမယ်။ ဈေးကွက်မှာက ကိုယ်တစ်ယောက်ထဲ ပို့လို့ရတာမဟုတ်ဘူး။ ဈေးကွက်မှာ နှိုင်းယှဉ်ရမယ်၊ Complete လုပ်ရမှာပေါ့နော်။ အရည်အသွေးရော ဈေးနှုန်းရော လိုချင်ဆီကိုပို့နိုင်ပါတယ်။ အဲဒါတွေ နှိုင်းယှဉ်ပြီးပို့ရမှာ ဒါကတော့ လုပ်ငန်းရှင်တွေ စီးပွားအသင်းအဖွဲ့တွေကလည်း သူ့ကဏ္ဍနဲ့သူ အကုန်လုံးကြိုးစားနေတယ်။ ဘယ်ဟာတွေပို့မလဲဆိုတာတော့ လာမယ့်နှစ်မှာ တွေ့ရမှာပေါ့” ဟု ဦးတိုးအောင်မြင့်က ပြောကြားသည်။

ပို့ကုန်အမယ်သစ်များ ထပ်မံတင်ပို့ချင်သော လုပ်ငန်းရှင်များကို ကန့်သက်ထားသည့် ပို့ကုန်အမျိုးအစားများမှလွဲ၍ အခြားအမည်သစ်များအား ခွင့်ပြုချက်များ ချက်ချင်းထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနမှ သိရသည်။

“အမယ်တွေကတော့ ပို့ချင်တဲ့အမယ် ဦးတို့ဘက်က ချက်ချင်းခွင့်ပြုပေးလို့ရပါတယ်။ ကန့်သတ်ထားတဲ့ အမယ်ဆိုလို့ သိပ်မရှိတော့ပါဘူး။ ပို့မယ်ဆိုတဲ့ အချို့အမည်တွေဆို လိုင်စင်တောင်မလိုဘူး၊ သစ်သီးဝလံအုပ်စုဆိုရင် သူရဲ့လိုအပ်တဲ့အရည်အသွေးတို့ ဘာတို့စစ်ဆေးတာတော့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဦးတိုးအောင်မြင့်က ပြောကြားသည်။

ပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်း ၁၀၇၉ ခုနှင့် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်း ၄၈၁၈ ခုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက H.S Code 2017 Version ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၇ နှင့် ၆၁/၂၀၁၇ တို့ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခင်က ပို့ကုန်ပစ္စည်း ၁၅၂ မျိုးအပေါ် H.S Code 2012 Version ဖြင့် ကုန်စည်လိုင်း ၉၈၃ လိုင်းအား ပို့ကုန်လိုင်စင်လျှောက်ထားရယူရန်မလိုသော ကုန်စည်လိုင်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် ၁၁/၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုကို H.S Code 2017 Version ကို ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် H.S Code 2012 Version အရ ပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်း ၉၈၃ လိုင်းအား H.S Code 2017 Version အရ ကုန်စည်လိုင်း ၁၀၇၉ လိုင်းသို့ပြင်ဆင်၍ ၎င်းအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးသည့်နေ့ (ဒီဇင်ဘာ ၁၄ ရက်) မှစ၍ ပြောင်းလဲကျင့်သုံးနိုင်ရန် ထုတ်ပြန်ကြေညာထားသည်။

ယခင်ပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုသော စာရင်းအဖြစ်သတ်မှတ်ရာမှ ယခုအမိန့်ကြော်ငြာစာအရ ပို့ကုန်လိုင်စင် လျှောက်ထားရယူရမည့်စာရင်းတွင်ပါဝင်သော ကုန်စည်လိုင်းများအား အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၆၀ ပြည့်မြောက်ပြီးပါက ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်သည်။

 

Most Read

Most Recent