ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်များရှိ စားသောက်ဆိုင်နှင့် ကန်တင်းများကို FDA က စီမံချက်ဖြင့် ရှောင်တခင်စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်များရှိ စားသောက်ဆိုင်နှင့် ကန်တင်းများကို FDA က စီမံချက်ဖြင့် ရှောင်တခင်စစ်ဆေးမည်
Published 23 December 2017

ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင်စစ်ဆေးစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်များရှိ စားသောက်ဆိုင်နှင့် ကန်တင်းများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စီမံချက်ဖြင့် ရှောင်တခင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များနှင့် ချက်ပြုတ်ရာတွင်အသုံးပြုသော အစားအသောက် ကုန်ကြမ်းပစ္စည်းများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်ရုံးအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့ပြီး ရောင်းချနေသည့် အစားအသောက်များတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ မရှိ ဓာတ်ခွဲစစ်ဆေးရန် အစားအသောက်နမူနာများ ရယူခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းအတွင်းက တက္ကသိုလ်တွေအားလုံးကို စီမံချက်နဲ့စစ်ဖို့ရှိပါတယ်။ တက္ကသိုလ်အားလုံးပေါင်း ၂၅ ခုရှိတယ်။ အခု ရန်ကုန်တက္ကသိုလ်ကတော့ ပြီးသွားပြီ။ စီမံချက်အနေနဲ့ ဆက်တိုက်စစ်သွားမှာဖြစ်ပြီး မတ်လအထိစစ်ဖို့အတွက် အစီအစဉ်လုပ်ထားပါတယ်။ ရန်ကုန်တက္ကသိုလ်က စားသောက်ဆိုင်တွေကို စစ်တုန်းကတော့ အသိပညာပေးဟောပြောပွဲမလုပ်ခဲ့ဘူး။ အခုနောက်ပိုင်းစစ်မယ့် တက္ကသိုလ်တွေမှာ စစ်ဆေးတာအပြင် ပညာပေးအစီအစဉ်တွေပါ ထည့်နိုင်အောင်လုပ်သွားမှာပါ။ စစ်တာကတော့ ရှောင်တခင်ပဲ သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝံက ပြောကြားသည်။

နိုဝင်ဘာ ၂၈ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်ရုံးအဖွဲ့သည် အခြားနှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စားသောက်ဆိုင်များရှိ မီးဖိုဆောင်များစစ်ဆေးခြင်း၊ ချက်ပြုတ်ရာတွင်အသုံးပြုသော အစားအသောက်ကုန်ကြမ်းများကို ဝယ်ယူစစ်ဆေးပြီး ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့်စစ်ဆေးသော အစားအသောက်နမူနာများအနက် မုန့်ဖတ်မှာ ဖော်မလင်ပါဝင်ကြောင်း တွေ့ရသဖြင့် ယင်းစားသုံးရန်မသင့်သော မုန့်ဖတ်များကို သိမ်းဆည်းဖျက်ဆီးခြင်း၊ ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် မူလရောင်းချသူအား စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားအစားအသောက်ဥပဒေတွင် စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်များ၊ အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးကိုထိခိုက်စေပြီး ဘေးဥပဒ်အန္တရာယ်ဖြစ်စေရန် အရာဝတ္ထုတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစားအသောက်၊ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်၊ သက်ဆိုင်ရာက သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများဆုံးပါနိုင်ခွင့်ရှိသော ပမာဏထက်ပိုမိုပါရှိသော အစားအသောက်၊ သက်ဆိုင်ရာက တားမြစ်ထားသည့်ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့်ပစ္စည်းဖြစ်စေ ပါရှိသောအစားအသောက်၊ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သောပစ္စည်းပါရှိသည့် အစားအသောက်၊ စံမညီအစားအသောက်၊ အစားအသောက်တွင် မပါဝင်သည့်ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွဲမှားဖော်ပြထားသော အစားအသောက်၊ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သည့် ဖော်ပြရမည့် အချက်အလက်များမပါရှိသော အစားအသောက်များကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ဥပဒေအရ အစားအသောက်နှင့် သက်ဆိုင်သည့်ပြစ်မှုဖြစ်ပါက ထိုသူအား ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။

Most Read

Most Recent