လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမပြုလုပ်ရ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ (မူကြမ်း) ၌ ထည့်သွင်းရေးဆွဲထား

လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမပြုလုပ်ရ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ (မူကြမ်း) ၌ ထည့်သွင်းရေးဆွဲထား
Published 23 December 2017

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသော ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း မပြုလုပ်ရတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ (မူကြမ်း) ၌ ထည့်သွင်းရေးဆွဲထားသည်။

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ (မူကြမ်း) ကို ပြည်သူများလေ့လာနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသည်။

အဆိုပါဥပဒေ (မူကြမ်း) ကို ခရီးသွားလာရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဥပဒေသများအတိုင်း လိုက်နာဆောင်ရွက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံများကို လေးစားလိုက်နာသော တာဝန်သိခရီးသွားလာရေး လုပ်ငန်းတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများချမှတ်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံကို ခရီးစဉ်ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာစေရေးအတွက် ထိရောက်သော ပြည်တွင်းပြည်ပဈေးကွက် မြှင့်တင်မှုများဆောင်ရွက်ခြင်းဖြင့် အထောက်အကူဖြစ်စေရန်၊ ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်သူနှင့် ခရီးသည်တို့၏အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် ယင်းတို့၏တာဝန်ဝတ္တရားများကို သိရှိလိုက်နာစေရန်တို့ကို ရည်ရွယ်ကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေ (မူကြမ်း) တွင် ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လိုသူသည် လိုင်စင်ရရှိရန် သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့ သို့မဟုတ် ပြည်ထောင်စုနယ်မြေ ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့သို့ လျှောက်ထားရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ (မူကြမ်း) ကို အခန်း (၁၈) ခန်း၊ ပုဒ်မ ၄၄ ခုဖြင့် ရေးဆွဲထားကြောင်း သိရသည်။

၎င်းဥပဒေ (မူကြမ်း) ၏ အခန်း (၁၆) တားမြစ်ချက်များတွင် ပုဒ်မ ၃၂ မည်သူမျှ (က) လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်ငန်းမပြုလုပ်ရ။ (ခ) ဧည့်လမ်းညွှန်လုပ်ငန်းကို လွှဲပြောင်းခြင်းနှင့်လက်ခံခြင်းမပြုရ။ (ဂ) လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းများ မပြုလုပ်ရဟု ရေးဆွဲထားသည်။

ထို့ပြင် ပုဒ်မ ၃၃ မည်သူမျှ ဤဥပဒေအရ ခွင့်ပြုချက်မရှိဘဲ (က) ဟိုတယ်လုပ်ငန်းလိုင်စင်ကို လွှဲပြောင်းခြင်း၊ လက်ခံခြင်းမပြုရ။ (ခ) တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ကို လွှဲပြောင်းခြင်း၊ လက်ခံခြင်းမပြုရ။ (ဂ) ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်၊ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်နှင့် ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လိုင်စင်များကို လွှဲပြောင်းခြင်း၊ လက်ခံခြင်းမပြုရဟု ထည့်သွင်းရေးဆွဲထားသည်။

ထို့အတူ အဆိုပါဥပဒေ (မူကြမ်း) ၏ အခန်း (၁၇) ပြစ်ဒဏ်များ၌ ပုဒ်မ ၃၅ တွင် “ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ ၃၆ တွင် “ပုဒ် မ ၃၂၊ ပုဒ်မခွဲ(ခ)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ထည့်သွင်းရေးဆွဲထားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေ (မူကြမ်း) ၏ ပုဒ်မ ၃၇ တွင် “ပုဒ်မ ၃၂၊ ပုဒ်မခွဲ (ဂ) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုရေးဆွဲထားသည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ၂ ဒသမ ၉ သန်းကျော် လာရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ပြည်ပခရီးသွားဧည့်သည် ၃ ဒသမ ၁ သန်းလာရောက်ခဲ့ကာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည် အရေအတွက်သည် မျှော်မှန်းထားသည့်အရေအတွက်ထက် များစွာနည်းပါးနေသေးသည်ကို တွေ့ရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် အများဆုံးလာရောက်သည့်နိုင်ငံများကိုကြည့်ပါက ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီတို့ဖြစ်သည်ကို တွေ့ရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

Most Read

Most Recent