ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ရေများအေးခဲနေ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ရေများအေးခဲနေ
Published 22 December 2017

ဓာတ်ပုံ - ဒေါ်ကြူကြူစုအောင်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ဒီဇင်ဘာ ၂၁ နှင့် ၂၂ ရက် နံနက်ပိုင်းများ၌ ရေများအေးခဲ လျက်ရှိကြောင်း လွိုင်လင်မြို့ဒေသခံများထံမှ သိရသည်။

“ရေတွေခဲတာ ၂ ရက်လောက် ရှိပြီ။ မနေ့ကနေ စခဲတာပါ။ အေးတာကတော့ တော်တော်လေးကို ကြာပြီ။ အခု ၃၊ ၄ ရက်အတွင်းတော့ တော်တော်လေးကို အေးလာတယ်။ ရေတွေခဲတာက ရေဇလုံတွေထဲ၊ ရေခွက်တွေထဲ ရေတွေထည့်ပြီး အပြင်ထုတ်ထားရင် ခဲသွားတာ။ ရေကန်တွေထဲမှာတော့ မခဲပါဘူး။ နှင်းဆီးတွေရိုက်ပြီးတော့ အပင်တွေဆိုရင် ညှိုးကုန်တယ်။ တစ်မြို့လုံးတော့ နှင်းတွေကြတာပါ။ မြက်ခင်းပြင်တွေ ရှိတဲ့နေရမာ ပိုခဲတာ။ ခဲနေတဲ့ဟာတွေက နေထွက်ရင်တော့ ပြန်ပျော်သွားပါတယ်” ဟု လွိုင်လင်မြို့တွင် နေထိုင်သူ ဒေါ်ကြူကြူစုအောင်က ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြောသည်။

ဓာတ်ပုံ - ဒေါ်ကြူကြူစုအောင်

“ဒီလိုရေခဲတာက ငယ်ကတည်းက ကြုံဖူးပါတယ်။ အရင်နှစ်က ဒီလိုမခဲပါဘူး။ ဟိုအရင်နှစ်တွေကတော့ ခဲပါတယ်။ ရေတွေဆိုရင် ရေခဲရေထက်တောင် အေးတယ်။ ရေတွေသောက်လို့တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရေတွေကို လက်နဲ့ထိရင် အရမ်းအေးပြီး ကြဉ်တယ်။ အစ်မ ဒီမှာနေလာတာက မွေးကတည်းကပါ” ဟု ဒေါ်ကြူကြူစုအောင်က  ဆက်လက်ပြောကြားသည်။

သက်ထွန်းအောင်

Most Recent