ထားဝယ်-မေတ္တာလမ်းပိုင်း ခုနစ်မိုင်ကွေ့တွင် ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားကာ လေးဦးဒဏ်ရာရ

ထားဝယ်-မေတ္တာလမ်းပိုင်း ခုနစ်မိုင်ကွေ့တွင် ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားကာ လေးဦးဒဏ်ရာရ
Published 22 December 2017

ရပ်ထားသော ထင်းလုံးတင်ယာဉ်အား မှန်လုံယာဉ်မှ နောက်ကဝင်တိုက်မိစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အရှေ့ဘက်ရှိ ထားဝယ်-မေတ္တာလမ်းပိုင်း သဗျာကျေးရွာအနီး ခုနစ်မိုင်ကွေ့တွင် ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခန့်က စက်ပျက်၍ ရပ်ထားသော ထင်းလုံးတင်ယာဉ်အား မှန်လုံယာဉ်မှ နောက်ကဝင်တိုက်မိသောကြောင့် လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ည ၇ နာရီခန့်က ထားဝယ်- မေတ္တာလမ်းပိုင်း ခုနစ်မိုင်ကွေ့အနီးတွင် ရာဘာသစ်လုံးများ တင်ဆောင်ပြီး စက်ပျက်၍ ရပ်တန့်ပြုပြင်နေသည့် ယာဉ်အမှတ် TNI 6E/1016 ၃ ကျင်းယာဉ်ကို ဟိန္ဒာကျေးရွာဘက်မှ ထားဝယ်မြို့ဘက်သို့ လူ ၂၀ ဦး တင်ဆောင်၍ တရားပွဲ သွားရောက်ရန် ထွက်ခွာလာသည့် ဦးနောနော မောင်းနှင်လာသော ယာဉ်အမှတ် ၁ခ/၅၉၀၂ ခရီးသည်တင် Mini Bus မှန်လုံယာဉ်မှ လမ်းအကွေ့၌ နောက်မှဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် မှန်လုံယာဉ်မောင်းဖြစ်သူ ဦးနောနော (၅၂ နှစ်) အပါအဝင် သုံးဦးနှင့် ထင်းလုံးတင်ယာဉ်အောက်သို့ဝင်၍ ပြုပြင်နေသော လူတစ်ဦး စုစုပေါင်းလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ည ၇ နာရီလောက်မှာ ကျွန်တော်တို့ ဇမ္ဗူသီရိ အရေးပေါ်ဌာနကို ဖုန်းဝင်လာပါတယ်။ ဖြစ်စဉ်ကတော့ ထားဝယ်မြို့ အရှေ့ဘက် ခြောက်မိုင်ကျော်ကျော်မှာ ကားနှစ်စီးတိုက်မိပြီး ညပ်နေတယ်လို့ သတင်းရတော့ ဒီကနေ ချက်ချင်းထွက်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဆီက လူနာတင်ယာဉ် အပါအဝင် အထောက်အကူပြုယာဉ် လေးစီးနဲ့ ချက်ချင်းသွားခဲ့ပါတယ်။ ဟိုရောက်တော့ မှန်လုံယာဉ်ပေါ်ပါလာတဲ့ခရီးသည် ၂၀ ဦးမှာ ဒဏ်ရာရတဲ့သူက ယာဉ်မောင်းအပါအဝင် သုံးဦးဒဏ်ရာရတယ်။ ရှေ့က အတိုက်ခံရတဲ့ ထင်းလုံးတင်ထားတဲ့ တရုတ်ကားမှာက ယာဉ်မောင်းတစ်ယောက် ဒဏ်ရာရပါတယ်။ အဲဒီလူနာတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ပြီးတော့ ထားဝယ်ဆေးရုံကို တင်ပို့ပေးခဲ့ပါတယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာတင်ယာဉ်အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ကိုနိုင်မျိုးသွင်က ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဇမ္ဗူသီရိ အရေးပေါ် လူနာတင်ယာဉ်လေးစီးနှင့် မှိုင်းကာရီအရေးပေါ် လူနာတင်ယာဉ်တစ်စီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေး ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာရသူလေးဦးအား ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း၊ ယာဉ်တိုက်မှုတွင် မှန်လုံယာဉ်မောင်းဖြစ်သူမှာ ကားခေါင်းပိုင်းညပ်မိနေသဖြင့် ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရပြီး ဒဏ်ရာရသူများတွင် ခြေထောက်နှင့် ဦးခေါင်းပိုင်း၌ ထိခိုက်ပွန်းပဲ့ဒဏ်ရာ၊ ရင်ဘတ်အောင့် ဒဏ်ရာများ ရရှိခဲ့ကာ မစိုးရိမ်ရကြောင်း သိရသည်။ ဖြိုးဇင် (ထားဝယ်)

Most Read

Most Recent