ဒဂုံမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် တစ်ညတည်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဒဂုံမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် တစ်ညတည်း မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published 22 December 2017

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက တစ်ညတည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမြို့နယ် နှစ်မြို့နယ်၌ မီးလောင်ကျွမ်းမှုမှာ ၁၀ မိနစ်ခန့်သာကွာခြားခဲ့ကြောင်း၊ ယင်းသို့မီးလောင်ကျွမ်းခဲ့သည့် နေရာနှစ်နေရာသို့ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီခွဲကျော်ခန့်တွင် ဒဂုံမြို့နယ် ယောမင်းကြီးလမ်းနှင့် ဗိုလ်ရာညွန့်လမ်းထောင့်ရှိ ကွန်ဒိုအဆောက်အအုံ ငါးထပ်အခန်းတွင် မီးလောင်သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ခဲ့သည့် ကွန်ဒိုအဆောက်အအုံအခန်းမှာ မီးစတင်လောင်ကျွမ်းသည့် အချိန်တွင် ယင်းအခန်း၌ တစ်ဦးမျှမရှိကြောင်း မီးလောင်ခဲ့သည့် နေရာအနီးနေ ပြည်သူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ဒဂုံမြို့နယ်၌ မီးလောင်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာတွင် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် မြလေးနွယ် (၂) လမ်းတွင် မီးလောင်မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာမီး သတ်တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်နှစ်ခုစလုံးအား မီးသတ်တပ်ဖွဲ့မှ အဆင့် (၁) အဖြစ် သတ်မှတ်ထားပြီး မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent