၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း ၅၀၀၀ ကျော် ရောင်းချခဲ့ရပြီး ယူရိုငွေသန်း ၄၀၀ ကျော် ရရှိ

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း ၅၀၀၀ ကျော် ရောင်းချခဲ့ရပြီး ယူရိုငွေသန်း ၄၀၀ ကျော် ရရှိ
Published 22 December 2017

နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက် ကျောက်စိမ်း ရောင်းချမှုနှင့်ပတ်သက်၍ ရှင်းလင်းစဉ်

၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း ၅၀၀၀ ကျော် ရောင်းချခဲ့ရပြီး ယူရိုငွေသန်း ၄၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲအား ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက်ရတနာ အတွဲပေါင်း ၆၈၇၅ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ အတွဲပေါင်း ၅၀၈၆ တွဲ ရောင်းချခဲ့ရပြီး ယူရိုငွေ ၄၃၉ ဒသမ ၃၅၀ သန်း ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်က ကျောက်မျက်အတွဲ ၁၉၀ တင်ပြရောင်းချခဲ့ရာ ကျောက်မျက်အတွဲ ၃၂ တွဲရောင်းချခဲ့ရပြီး ယူရိုငွေ ၀ ဒသမ ၇၆၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ကျောက်စိမ်းအတွဲပေါင်း ၆၆၈၅ တွဲတင်ပြရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၅၀၅၄ တွဲရောင်းချခဲ့ရပြီး ယူရိုငွေ ၄၃၈ ဒသမ ၅၈၃ သန်း ရရှိခဲ့ကြောင်း သိရသည်။

ကျောက်မျက်ရတနာပြပွဲ၏ စီမံရေးရာ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက “ဘယ်ပွဲမှာမှ အတွဲ ၁၀၀၀ ရောင်းလို့ အတွဲ ၁၀၀၀ လုံး ငွေရတယ်လို့ မရှိခဲ့ဘူး။ အဆိုပြုထားတဲ့ ကျောက်တွဲရဲ့ ငါးရာခိုင်နှုန်းပါမှ ဝယ်ခွင့်ပြုတယ်။ အခု ရောင်းချထားတဲ့ အတွဲပေါင်း ၅၀၀၀ ကျော် လုံးရဲ့ရောင်းဈေးရဲ့ ငါးရာခိုင်နှုန်းသည် ကျွန်တော်တို့လက်ထဲမှာရတယ်။ ပြည်ပဆိုရင် ယူရိုငွေ ၉၄ သန်းလောက် လက်ခံရရှိတယ်။ ပြည်တွင်းဆို ရှစ်သန်းလောက်ရတယ်။ အခြေအနေ အကြောင်းအမျိုးမျိုးနဲ့ မရွေးတဲ့ဖြစ်စဉ်တွေ ရှိတာပေါ့” ဟု ပြောကြားသည်။

အဆိုပါပြပွဲတွင် အခြေခံယူရိုငွေ ၅ ဒသမ ၈ သန်းဖြင့် တင်ပြရောင်းချသည့် ကျောက်စိမ်းတွဲနှစ်တွဲနှင့် အခြေခံယူရိုငွေ ၅ သန်းဖြင့် ရောင်းချသည့် ကျောက်စိမ်းတွဲတို့ကို ရောင်းချနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ရန် မှတ်ပုံတင်ထားသည့် ပြည်တွင်း ပြည်ပရတနာကုန်သည်စုစုပေါင်း ၄၄၃၂ ဦးရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ၈၈၈ ဦးဖြင့် အများဆုံး မှတ်ပုံတင်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။