ကန့်ဘလူမြို့နယ်တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား

ကန့်ဘလူမြို့နယ်တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွား
Published 22 December 2017

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက်က ဆယ်ကျော်သက် မိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက ဝိုင်းဝန်းအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများအရ သိရသည်။

မ - - - (၁၇ နှစ်) ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာနေအား ဇီးကုန်းကျေးရွာမှ လူငယ်များက လက်ဆွဲ၍ ခေါ်ဆောင်သွားခဲ့ကြောင်း မိခင်ဖြစ်သူက ဖခင်ဖြစ်သူအား လာရောက်ပြောပြခဲ့ကြောင်း ဖခင်ဖြစ်သူက ၎င်း၏ အိမ်နီးချင်းများအား ခေါ်ဆောင်ကာ ချပ်သင်းရဲစခန်းသို့ သွားရောက် အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ချပ်သင်းကျေးရွာ မြောက်ဘက် ချပ်သင်း ကျွန်းလှကောလင်း သွားလမ်းအရောက် လမ်းဘေးချုံပုတ်များအတွင်းမှ လမ်းမပေါ်သို့ ငို၍ ပြေးတက်လာသော မ - - - အား ပြန်လည်တွေ့ရှိခဲ့ကြောင်း ဆက်လက်သိရသည်။

အဆိုပါ မိန်းကလေးသည် ၎င်းကျေးရွာရှိ ဈေးဆိုင်မှပြန်အလာ လမ်းတစ်ခုတွင် ဇီးကုန်းကျေးရွာနေ ဖြိုးဝေအောင် (ခ) မိုးသီးနှင့် စိုးပိုင်တို့သည် သူမ၏ နောက်မှပါလာခဲ့ပြီး သူမအား ပါးစပ်ပိတ်ကာ ဆိုင်ကယ်ပေါ်သို့ တင်ပြေးခေါ်ဆောင်သွားခဲ့ကြောင်း၊ ချပ်သင်းကျေးရွာ၏ မြောက်ဘက်ချုံပုတ်အတွင်းဆွဲခေါ်ကာ ဖြိုးဝေအောင် (ခ) မိုးသီး (၁၉ နှစ်) ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာနေသူသည် သူမအား တွန်းလှဲကာ ငါးမိနစ်ခန့် သားမယား ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် စိုးပိုင်(၃၂ နှစ်) ကန့်ဘလူမြို့နယ် ဇီးကုန်းကျေးရွာနေသူက သူမအား “နင့်ကို သတ်ပစ်လို့ရတယ်” ဟု ခြိမ်းခြောက်ပြောဆိုကာ သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖြိုးဝေအောင် (ခ) မိုးသီးနှင့် စိုးပိုင်တို့နှစ်ဦးအား အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ၏ တရားလိုပြုလုပ် တိုင်တန်းမှုကြောင့် ကန့်ဘလူမြို့မရဲစခန်းမှအမှုကြီး အမှတ်စဉ် ၁၂/၂၀ ၁၇၊ (ပ) ၂၂၇/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent