ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်း တရားမဝင် သစ်တန်ချိန် ၄၅၀ ခန့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်း တရားမဝင် သစ်တန်ချိန် ၄၅၀ ခန့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
Published 22 December 2017

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ်အတွင်း တရားမဝင် သစ်တန်ချိန် ၄၅၀ ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ်ခွဲအတွင်း နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ဒီဇင်ဘာ၂၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် အင်တောမြို့၏ အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ၌ စုပုံထားသော တရားမဝင် အင်သစ်ခွဲသား ဆိုဒ်စုံခန့်မှန်း ၄၅၀ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသိမ်းဆည်းရမိ သစ်များအား ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းသည် ဒီဇင်ဘာ ၂၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် မံစီမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ၌ တရားမဝင် သစ်လုပ်ငန်းလုပ်ကိုင်သူ မံစီမြို့နေ ဦးသိန်းညွန့် အပါအဝင် အမျိုးသား ၁၃ ဦးတို့အား သစ်လုံး/ သစ်ခွဲသားမျိုးစုံ ၅၀ တန် ခန့်တင်ဆောင်ထားသော ယမ်းဖောင်အမျိုးအစား သစ်တင်ယာဉ် ခုနစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်များနှင့် သစ်များအား မံစီမြို့မရဲစခန်းနှင့်မြို့နယ် သစ်တောဦးစီးဌာနများသို့ စနစ်တကျလွှဲ ပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ဆော့လော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်မှ ၂၈ ရက်အထိ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်များအတွင်း တရားမဝင်သစ်များ ရှာဖွေဖော်ထုတ် ဖမ်းဆီးရာ ချီဖွေမြို့နယ် ငွါးဖာခါးဒေသနှင့် ဆော့လော်မြို့နယ် လန်ဆယ်ဒေသအတွင်း နေရာခုနစ်နေရာ၌ တစ်ဖက်နိုင်ငံသို့ သယ်ယူပို့ဆောင်ရန် စုပုံထားသော တရားမဝင် စကားဝါနှင့် ထင်းရှူးသစ်လုံး စုစုပေါင်း ၁၉၁၆ လုံး (၁၃၄၅ ဒသမ ၃၂၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိ တရားမဝင်သစ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုတိုက်ဖျက်ရေးတို့အတွက် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် မိတ်ဖက်အဖွဲ့စည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ တရားမဝင်သစ်တန်ချိန် စုစုပေါင်း ၂၈၅၀၆ တန်နှင့် သံသယတရားခံ  ၄၄၀၄ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၈၉၄၄ တန်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၇၁၃ တန်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၇၂၄ တန်၊ ကချင်ပြည်နယ်တွင် ၁၂၉၈ တန်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ၄၉၃တန် အသီးသီးဖမ်း ဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent