ဖမ်းဆီးခံရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ၎င်းတို့ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

ဖမ်းဆီးခံရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ၎င်းတို့ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
Published 22 December 2017

ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ၎င်းတို့ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အဆိုပါဖမ်းဆီးခံ သတင်းမီဒီယာသမားနှစ်ဦးနှင့် ပတ်သက်၍ ဒီဇင်ဘာ  ၂၁ ရက်က အမှတ်စဉ် (၁၄/ ၂၀၁၇) ဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ဦးအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ညတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၌ ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့နှစ်ဦးအား ထောက်ကြန့်နယ် မြေရဲစခန်း (ပ) ၁၂၉၈/  ၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းများအရ သိရကြောင်း ရေးသားထားသည်။

အဆိုပါသတင်းထောက်နှစ်ဦးအား မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရရှိကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း၊ ၎င်းတို့အပေါ် စွပ်စွဲချက်များကို ခုခံချေပ ဖြေရှင်းနိုင်ရေးအတွက် ရှေ့နေ နှင့်  တွေ့ဆုံခွင့်မရရှိဟု ကော်မရှင်သို့ တိုင်တန်းချက်အရ သိရှိရကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိရေးတို့ အပါအဝင် ၎င်းတို့ ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်သည်ဟု တိုက်တွန်းအပ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးသည် ယနေ့အချိန်အထိ မိသားစုနှင့်တွေ့ခွင့် မရသေးခြင်းနှင့် နိုင်ငံသား အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ချိုးဖောက်ခံနေရခြင်းအတွက် စုံစမ်းထုတ်ပြန်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ထံ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)က  ဒီဇင်ဘာ ၂၀ ရက်က စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုမှာ ထောင်ဖမ်းခံရခြင်းဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏အမှုကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရားရုံးသို့ အမှုစွဲဆို တင်ပို့ထားကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပြောသည်ဟု 7 Day Daily တွင် ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမြန်ဆုံးလွှတ်ပေးရန်အတွက် သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုက တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံ သတင်းထောက် နှစ်ဦးနှင့် ပတ်သက်ပြီး အမည်းရောင် လှုပ်ရှားမှုကို သတင်းမီဒီယာသမားများက လုပ်ဆောင်လျက်ရှိသည်။

Most Read

Most Recent