ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လားရှိုး၊ တာချီလိတ်၊ ပင်လုံမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများအား တပ်မတော်က ထပ်မံတားဆီး

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လားရှိုး၊ တာချီလိတ်၊ ပင်လုံမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများအား တပ်မတော်က ထပ်မံတားဆီး
Published 22 December 2017

ဒီဇင်ဘာ ၂၁ ရက်က ပင်လုံမြို့၌ ပြုလုပ်သော ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို တွေ့ရစဉ် (Photo- Sai Kyaw Nyunt Facebook)

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လားရှိုး၊ တာချီလိတ်၊ ပင်လုံမြို့၌ ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများအား တပ်မတော်က ထပ်မံတားဆီးခဲ့ကြောင်း သတင်းရရှိသည်။

NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ငါးဖွဲ့သည် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်ပြင်ပရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည်သူလူထု၏ သဘောထားများရယူသော လူထုတွေ့ဆုံပွဲများအား လိုက်လံပြုလုပ်ရာတွင် ဒီဇင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့၌ ပြုလုပ်မည့် လူထုတွေ့ဆုံပွဲအား တပ်မတော်က လာရောက် ဟန့်တားခဲ့သည့်အတွက် မကျင်းပနိုင်ခဲ့ပေ။

ထို့နောက် ရှမ်းပြည်နယ်အစိုးရက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် သက်ဆိုင်ရာ မြို့အမည်များရေးသားကာ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူထုတွေ့ဆုံပွဲများ ပြုလုပ်ခြင်းအား ကူညီဆောင်ရွက်ပေးရန် စာဖြင့်ညွှန်ကြားထားသဖြင့် ပင်လုံတွင် လူထုတွေ့ဆုံပွဲ ပြန်လည်ပြုလုပ်ရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအမိန့်အရဟုဆိုကာ ဗိုလ်မှူးကြီးတစ်ဦးက ထပ်မံတားဆီးခဲ့ကြောင်း ပင်လုံမြို့တွင် လူထုတွေ့ဆုံပွဲ သွားရောက် လုပ်ဆောင်သည့် အဖွဲ့ခွဲမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ပင်လုံမြို့သည် အညိုရောင်နယ်မြေဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များရှိနေ၍ လူထုတွေ့ဆုံပွဲအား ပေးမလုပ်ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ မူလက တားဆီးရာတွင် ပြောကြားခဲ့သဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ညွှန်ကြားစာအား ထုတ်ပြသည့်အခါတွင် အဆိုပါစာမှာ အစိုးရဘက်မှ တပ်မတော်သို့ မိတ္တူမပေးသဖြင့် တားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နန်းခမ်းအေးက ပြောကြားသည်။

“အမှန်ဆိုရင် အစိုးရပေးရမှာ အစိုးရတာဝန်။ ကျွန်မတို့နဲ့မဆိုင်ဘူးလေ။ အဲဒါနဲ့ ကျွန်မက ဒီနေ့က တက်ရောက်တဲ့သူ ၁၅၀ ကျော်ရှိတယ်။ အဲဒီပြည်သူရဲ့ရှေ့မှာပဲ မြို့နယ်အုပ်ချုပ်ရေးမှူးကို ခေါ်လိုက်တယ်။ ပြီးရင် အဲဒီဗိုလ်မှူးကြီးနဲ့ တေ့ပေးလိုက်တယ်။ ကောင်းပြီလို့ မြို့နယ်အုပ်ချုပ်ရေးမှူး။ ကျွန်မတို့က ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ဆိုရင် ခင်ဗျားတို့ကိုကူညီဖို့ အစိုးရညွှန်ကြားစာ ထုတ်ထားတယ် ဟုတ်တယ်မလားလို့။ ဟုတ်တယ်တဲ့။ ဒါဆိုရင် ကျွန်မတို့ အခက်အခဲဖြစ်နေပြီ ရှင်းပေးပါလို့ ပြောလိုက်တယ်။ အဲဒါနဲ့ သူကလည်း အဲဒီစာကိုထုတ်ပြီးတော့ အဲဒီဗိုလ်မှူးကြီးကိုပေးတယ်။ ဗိုလ်မှူးကြီးကပြောတယ်။ သူတို့တိုင်းမှူးကို မပေးတဲ့အတွက်ကြောင့် ပေးမလုပ်ဘူးလို့ပြောတယ်။ အဲဒါနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ပြီး တပ်ကပြောတာက တိုင်းမှူးဆီကို အသိပေးစာမျိုး လိုနေပါတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက လှမ်းပြောလိုက်တယ်။ အဲဒါမှာ ခရိုင်က ဘာပြောလဲဆိုတော့ အစိုးရကနေပြီးတော့ တိုင်းမှူးဆီကို အသိပေးပြီးသားပါတဲ့၊ ခွင့်ပြုချက်လည်း ပေးပြီးသားတဲ့၊ လုပ်ချင်တာကိုသာလုပ်ပါတဲ့၊ ခရိုင်က အဲဒီလို ပြောတယ်။ အဲဒီလိုပြောတော့ တပ်ကတော့ ပေးမလုပ်ဘူးပေါ့။ သူက ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဆီဆက်တယ်။ လုံနယ်ကလည်း နေပြည်တော်ရောက်နေတော့ သူတို့အစိုးရကနေပြီးတော့ တပ်နဲ့လုပ်ပေးပါမယ်ဆိုပြီးတော့ ညှိနှိုင်းပါမယ်လို့ပြောတယ်။ ကျွန်မတို့ကို ခဏစောင့်ပါလို့ပြောတယ်။ အမှန်ဆိုရင် ကျွန်မတို့က စောင့်စရာကိုမလိုတာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောကြားသည်။

သို့ရာတွင် လူထုတွေ့ဆုံပွဲ သွားရောက်သည့်အဖွဲ့တွင် အခြားသော လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သဖြင့် တပ်မတော်နှင့် ဆန့်ကျင်ဘက် မဖြစ်ချင်သောကြောင့် စောင့်ဆိုင်းပေးခဲ့ကြောင်း၊ ထိုသို့စောင့်ဆိုင်းနေချိန်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ပြောင်းလဲပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားရာတွင် ကနဦးတွင် တပ်မတော်ဘက်မှ ထပ်မံတားဆီးခဲ့ပြီး နောက်ပိုင်းတွင် ခွင့်ပြုရာတွင် ရှမ်းဘာသာဖြင့် ဟောပြောသဖြင့် ထပ်မံတားဆီးခံရသောကြောင့် ရှမ်းနှင့် ဗမာနှစ်ဘာသာဖြင့် ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဟောပြောရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များပါနေသဖြင့် ဟောပြောခြင်းမပြုရန် တားဆီးမှုရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ပင်လုံမြို့တွင် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ ပြုလုပ်နိုင်ခြင်း မရှိကြောင်း ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက ရရှိသည့် နောက်ဆုံးသတင်းများအရ သိရသည်။

အလားတူ လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ဒီဇင်ဘာ ၂၁ ရက်၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအား ပြုလုပ်ခြင်းမပြုရန် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့သော်လည်း တွေ့ဆုံပွဲအား ပြုလုပ်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် ပါဝင်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

ထို့အတူ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ခွင့်ပြုထားသည့် သတ်မှတ်နေရာတွင်သာ ပြုလုပ်ရန် ဒုတိယဗိုလ်မှူးကြီးစိုင်းဦးထံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၉ ရက်တွင် အကြောင်းကြားစာ ပေးပို့ထားသေးသည်။

“ဒီကြားထဲမှာ (ရှမ်းပြည်နယ်အစိုးရနှင့် တပ်မတော်ကြား) တစ်ခုခုလွဲနေပြီလို့ မြင်တယ်။ သတ်မှတ်တဲ့နေရာဆိုတာက ဒီ ND (အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ) လုပ်ဖို့ကို ကျွန်တော်တို့ လင်းခေးမှာ သဘောတူထားတာ ရှိပါတယ်။ အဲဒါလုပ်ဖို့အတွက် လူထုတွေကိုလာပြီးတော့ ချပြဆွေးနွေးတာပေါ့နော်။ ဘယ်အချက်တွေ။ ကဏ္ဍကြီးလေးခုပေါ့နော်။ လုံခြုံရေးကဏ္ဍတော့မပါဘူး။ ကဏ္ဍကြီးလေးခုမှာ ကျွန်တော်တို့က ဘယ်အချက်အလက်တွေက ကျွန်တော်တို့ ဒီလိုဒီလို ရှိပါတယ်။ ဘယ်လိုတွေ ထပ်မံဖြည့်စွက်ရမလဲ။ လူထုရဲ့ အကြံဉာဏ်တွေကို၊ ပြည်သူလူထုတွေရဲ့ တောင်းဆိုချက်တွေကို စုစည်းနိုင်ဖို့ ပြည်သူလူထုကို ချပြဆွေးနွေးတာ ဖြစ်ပါတယ်။ တပ်က ဘယ်လိုသဘောထားသလဲ ကျွန်တော်နားမလည်ဘူး ဖြစ်နေတယ်။ လင်းခေးမှာလုပ်ဖို့ကို တပ်မတော်ဘက်ပိုင်းက အကြီးအကဲတွေ ကိုယ်တိုင်ကလည်း လက်ခံထားပြီးပြီ။ ဒါပေမဲ့ အဲဒါမှာ ကျွန်တော်တို့ဆွေးနွေးပွဲလုပ်မယ်ဆိုတာ ချက်ချင်းကြီး ကျွန်တော်တို့ဆွေးနွေးပွဲကို သွားစီစဉ်လို့မရဘူး။ တစ်ဆင့်ချင်းစီ သွားရမှာပေါ့။ ပြည်သူလူထုကို အရင်ချပြမယ်။ နောက်အကြိုဆွေးနွေးပွဲတွေ လုပ်မယ်။ အကြိုဆွေးနွေးပွဲတွေ ဘာတွေလုပ်ပြီးမှ စာတမ်းတွေ ဘာတွေတင်နိုင်ဖို့ စာတမ်းပြုစုနိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဟောင်လိတ်ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၁ ရက်က ပင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအား တပ်မတော်ဘက်မှလာရောက် ဟန့်တားမှုရှိခဲ့သော်လည်း ဆွေးနွေးပွဲအား ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် NCA လက်မှတ် ရေးထိုးထားခြင်းမရှိသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့လည်း ရှိနေသေးသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများအား ကန့်သတ်နေသည့် သဘောရှိကြောင်း တိုင်းရင်းသားအရေး လေ့လာသူအချို့က သုံးသပ်ကြသည်။

တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပမည့်နေရာ အငြင်းပွားနေမှုအပေါ် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ် လင်းခေးမြို့၌ ပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ထားခြင်းဖြစ်သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပခွင့်အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီကပင် ခွင့်ပြုထားသော်လည်း ဆွေးနွေးပွဲကျင်းပမည့် နေရာအား တပ်မတော်ဘက်မှ မိုင်းပန်မြို့၊ မုံးထော်/မုံးထမြို့၊ နမ့်ပန်ခွန်မြို့တို့တွင်သာ ကျင်းပရန် ထောက်ခံခဲ့ပြီး RCSS/SSA က တောင်ကြီးမြို့ (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပခွင့်ပေးရန် တောင်းဆိုခဲ့သဖြင့် အငြင်းပွားခဲ့သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဦးဆောင်၍ တရားဝင်နိုင်ငံရေးပါတီ ပူးပေါင်းကာ ကျင်းပခွင့်ရှိပြီး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပရန် RCSS/SSA၊ ရှမ်းနိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများက အကြိုဆွေးနွေးပွဲများ ကျင်းပထားပြီး မူဝါဒမူကြမ်းများ ရရှိထားကာ နိုင်ငံရေးသိက္ခာအရ တောင်ကြီး (သို့မဟုတ်) ပင်လုံတွင်သာ ကျင်းပခွင့်ပေးရန် RCSS/SSA က အစဉ်တစိုက် တောင်းဆိုသော်လည်း နောက်ဆုံးတွင် လင်းခေးမြို့၌ ကျင်းပရန်သာ RCSS/SSA ဘက်မှ သဘောတူခဲ့ရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား (ချင်း)၊ (ပအိုဝ်း)၊ (ကရင်) သုံးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား (ပဲခူး)၊ (တနင်္သာရီ)၊ (ရှမ်း) သုံးပွဲကျင်းပခဲ့ပြီး အဆိုပါ ခြောက်ပွဲမှရရှိထားသည့် သဘောထားစာတမ်းများကို စုစည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် တင်သွင်းဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent