MPT က လူမှုကွန်ရက်စာမျက်နှာအတုဖြင့် မဟုတ်မမှန် သတင်းထုတ်လွှင့်နေသူများအား တရားစွဲဆိုရန် စီစဉ်နေဟုသိရ

MPT က လူမှုကွန်ရက်စာမျက်နှာအတုဖြင့် မဟုတ်မမှန် သတင်းထုတ်လွှင့်နေသူများအား တရားစွဲဆိုရန် စီစဉ်နေဟုသိရ
Published 22 December 2017

MPT က လူမှုကွန်ရက်စာမျက်နှာအတုဖြင့် မဟုတ်မမှန်သတင်း ထုတ်လွှင့်နေသူများအား တရားစွဲဆိုရန် စီစဉ်နေကြောင်း အင်းစိန်မြို့နယ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ပြောကြားချက်အရ သိရသည်။

“ဝန်ကြီးဒေါ်နီလာကျော်ကို ကျွန်တော်လှမ်းပြီးတော့ ပြောလိုက်တာပါ။ မနေ့က ဒီဇင်ဘာ ၂၀ ရက်က တက်လာတဲ့ MPT Myanmar Offical ဆိုတဲ့ အကောင့်ကနေ သတင်းတွေလွှင့်ပြီးတော့ အင်တာနက်တွေ အခမဲ့သုံးရမယ်ဆိုပြီးတော့ လုပ်နေတယ်။ လူတော်တော်များများက တကယ်ယုံနေကြတာပေါ့။ တချို့ကျတော့လည်း ကလိမ်ကကျစ် လုပ်နေတာတို့ အော်ကြတာပေါ့။ ဟုတ်ပါ့မလားလို့ လျှောက်ပြောတော့ လူတွေက ယုံထင်ကြောင်ထင်တွေ ဖြစ်ကုန်တာပေါ့။ အဲဒီလို အနေအထား ဒီအတိုင်း ကြည့်နေလို့ မရဘူး။ MPT ပေါ်မှာ နားလည်မှု လွဲသွားနိုင်တယ်” ဟု အင်းစိန်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံသို့ အကြောင်းကြားခဲ့ကြောင်း၊ ဝန်ကြီးမှတစ်ဆင့် သက်ဆိုင်ရာ MPT သို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီမှတစ်ဆင့်  Facebook သို့ ထပ်ဆင့်အကြောင်းကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လိုအပ်လို့ရှိရင် အတုနဲ့ ဒီလိုလုပ်ဆောင်တာကို တရားစွဲဖို့ကိစ္စအထိ စီစဉ်လိမ့်မယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

MPT Myanmar Official ဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် “မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဂြိုဟ်တု စတင်လွှတ်တင်ပြီးနောက် စမ်းသပ်ကာလအဖြစ် ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှ Happy New Year အထိ အင်တာနက်များကို အခမဲ့သုံးနိုင်ပါပြီ။ မိမိတို့ သုံးစွဲမည့် ပမာဏကို ဖြတ်တောက်မည်မဟုတ်ကြောင်း၊ စမ်းသပ်ကာလတွင် အောင်မြင်ခဲ့သည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးကို ၂၀၁၈  ခုနှစ် ဖေဖော်ဝါရီလမှစ၍ အင်တာနက် အခမဲ့ သုံးစွဲနိုင်တော့မည် ဖြစ်ပါသည်။ ယခုစမ်း သပ်ကာလတွင် အခမဲ့သုံးစွဲလိုက  #124* 5 ဟု Comment တွင် ရိုက်နှိပ်ပြီး Share မှ မှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်” ဟု ရေးသားဖော်ပြထားသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး MPT ဘက်မှ ဒီဇင်ဘာ ၂၂ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မီဒီယာများအား တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent