သာကေတမြို့နယ်တွင် အိမ်အကူကို သားမယားပြုကျင့်သည်ဟုဆိုသော ဆရာဝန်အား ရမန်ယူဖမ်းဆီးစစ်ဆေးနေ

သာကေတမြို့နယ်တွင် အိမ်အကူကို သားမယားပြုကျင့်သည်ဟုဆိုသော ဆရာဝန်အား ရမန်ယူဖမ်းဆီးစစ်ဆေးနေ
Published 22 December 2017

သာကေတမြို့နယ်တွင် အိမ်အကူမိန်း ကလေးအား သားမယားပြုကျင့်သည်ဟု ဆိုသည့် ဆရာဝန်တစ်ဦးအား ဖမ်းဆီးပြီး ရမန်ယူစစ်ဆေးနေကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် ဆရာဝန်အား ဒီဇင်ဘာ ၁၈ ရက်တွင် သာကေတနယ်မြေရဲစခန်းမှ ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ် ၁၀/ မြောက်ရပ်ကွက်နေ ဆရာဝန်ဖြစ်သူ ကို....(၄၃ နှစ်)မှာ ၎င်း၏နေအိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် ဒေါ်....(၄၃ နှစ်) အား အောက်တိုဘာ ၁၉ ရက် ည ၁၁ နာရီကျော်တွင် ဒေါ်..... ၏ အိပ်ခန်းအား တံခါးခေါက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တံခါးခေါက်သဖြင့် ဒေါ်...မှာ တံခါးဖွင့်ပေးလိုက်ကြောင်း၊ ထို့နောက် ဦး.... မှာ အခန်းအတွင်းသို့ဝင်၍ ဒေါ်....အား သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု တရားလို၏အမှု ဖွင့်တိုင်တန်းချက်အရ သိရသည်။

သားမယားပြုကျင့်ခဲ့ပြီးနောက်တွင် ဦး... မှာ အဆိုပါကိစ္စအား ဘယ်သူမှမပြောရန်နှင့် ၎င်းတာဝန်ယူမည်ဟု ပြောဆိုခဲ့ကြောင်း တရားလို၏ အမှုဖွင့်တိုင်တန်းချက်တွင် ရေးသားထားချက်အရ သိရသည်။

ထို့နောက် ဒီဇင်ဘာ ၁၇ ရက်တွင် ဒေါ်.... မှာ အိမ်ရှင်ဖြစ်သူ ဦး....၏ မိခင်ဖြစ်သူအား အလုပ်ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်း ပြောဆိုကာ တာမွေမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ အဒေါ်ဖြစ်သူကို သားမယားပြုကျင့်ခံရသည့်ဖြစ်စဉ်အား သွားရောက်ပြောဆိုခဲ့သည်ဟု တရားလို၏ အမှုဖွင့်တိုင်တန်းချက်တွင် ဖော်ပြချက်အရ သိရသည်။

သားမယားပြုကျင့်ခံရသည်ဟုဆိုသည့် ဒေါ်....မှာ အဆိုပါနေအိမ်တွင် ယခုနှစ် ဇူလိုင်မှစတင်ကာ တစ်လလျှင် ကျပ်တစ်သိန်းခွဲခန့်ဖြင့် အိမ်အကူအလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းမှာ မကွေးတိုင်းဒေသကြီးတွင် နေထိုင်သူဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား သာကေတနယ် မြေရဲစခန်းက (ပ)၁၃၂၅/ ၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်း) မှုမှာ အမှုလာ ရောက်ဖွင့်သည့်အချိန်တွင် သက်သေအထောက်အထား စုံလင်စွာ မပြနိုင်သော်လည်း အမှုဖွင့်ပြီးသည်နှင့် အမှုဖွင့်ခံရသူကို ချက်ချင်းဖမ်းဆီးနိုင်သည်မှာ မေးခွန်းထုတ်စရာတစ်ခုဖြစ်နေကြောင်း၊ အမှုဖွင့်ပြီဆိုလျှင်လည်း ရဲတပ်ဖွဲ့အနေဖြင့် သေချာစွာ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပြီး ကျူးလွန်ခဲ့သည်ဟု သေချာသည့် သက်သေအထောက်အထားရှိမှသာ အမှုဖွင့်ခံရသူအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သင့်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

လက်ရှိဖြစ်ပေါ်နေသည့် မုဒိမ်းမှုဖြစ်စဉ်များအား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးသည့်အချိန်တွင် အခြားနိုင်ငံများကဲ့သို့ တိကျသေချာသည့် နည်းစနစ်မြင့် စစ်ဆေးမှုမျိုးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ နည်းပညာမြင့်မားသည့် စနစ်မျိုးရှိပါက အဆိုပါအမှုများကို စစ်ဆေးရာတွင် ပိိုမိုပြီးတိကျမှန်ကန်သေချာမှုရှိကာ တရားမျှတမည်ဟုထင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent