ဟင်္သာတမြို့လယ်ရှိ စက်သုံးဆီဆိုင်ရှေ့၌ ဗုံးအတုထားကာ ခြိမ်းခြောက်ငွေတောင်းမှုဖြစ်ပွား

ဟင်္သာတမြို့လယ်ရှိ စက်သုံးဆီဆိုင်ရှေ့၌ ဗုံးအတုထားကာ ခြိမ်းခြောက်ငွေတောင်းမှုဖြစ်ပွား
Published 21 December 2017

ဗုံးအတုဖြင့်ခြိမ်းခြောက်ကာ ငွေတောင်းခံရသည့် စက်သုံးဆီဆိုင်အား တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ်

ဟင်္သာတမြို့လယ်ရှိ စက်သုံးဆီဆိုင်ရှေ့၌ ဗုံးအတုထားကာ ခြိမ်းခြောက်ငွေတောင်းမှု ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်ရှိ ရွှေခြင်္သေ့စက်သုံးဆီဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှေ့ထောင့်၌ ဗုံးထားရှိထားသည်ဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ခဲ့ ခြင်းဖြစ်ကြောင်း ရွှေခြင်္သေ့စက်သုံးဆီဆိုင်မှ သိရသည်။

“ပထမတော့ ခင်မင်စွာနဲ့ ဆက်တဲ့ သူငယ်ချင်းပဲထင်လို့ ဦးလေးက ဖုန်းပြောလိုက်တာ။ ဒုတိယတစ်ခေါက် ပြန်ဖုန်းဆက်ပြီး ခြိမ်းခြောက်တဲ့အချိန်မှာကျတော့ စခန်းကို အကြောင်းကြားလိုက်တာ ချက်ချင်းပဲ။ အဲဒီအထုပ်ကိုတော့ သွားမကိုင်ဘူး။ စခန်းကလာမှ နေရာကိုပြပေးလိုက်တယ်။ ပထမတော့ ဘာမှန်းမသိတော့ ကြောက်လို့ မီးသတ်ဆေးဗူးတွေလည်း အကုန်လုံးဖြန့်ထားတယ်။ ပန့်တွေလည်း အကုန်ပိတ်၊ ဆိုင်လည်း အကုန် ပိတ်ထားလိုက်တယ်” ဟု  ရွှေခြင်္သေ့ စက်သုံးဆီဆိုင်မှ မနှင်းစုပိုင်က ပြောကြားသည်။

ယင်းဖြစ်စဉ်အား ဆိုင်ရှင်က သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီးနောက် အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် ဟင်္သာတ ခ.လ.ရ (၁၈) မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်အရ ဗုံးအတုသာဖြစ်ကြောင်း ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့အဖွဲ့ သွားရောက်ပြီး စစ်ဆေးပါတယ်။ ဗုံးအတုပဲဖြစ်ပါတယ်။ ဆိုင်ကယ်မှာရှိတဲ့ ဘက်ထရီနဲ့ ဆက်စပ်ထုပ်ပိုးပြီး ဗုံးအတုပုံစံလုပ်တာဖြစ်ပါတယ်။ ဒါကိုအကြောင်းပြပြီးတော့ ဆိုင်ရှင်ဆီကနေ ငွေကြေး တစ်စုံတစ်ရာ တောင်းတဲ့သဘောပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ရှိတဲ့သူတွေ သွားရောက် စစ်ဆေးတဲ့အခါ ဗုံးအတုသာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အထိတ်တလန့်မဖြစ်ဖို့လိုအပ်ပါတယ်။ ဘာမှစိုးရိမ်စရာ မရှိပါဘူး” ဟု ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။

Most Read

Most Recent