စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်း ပြဿနာဖြေရှင်းရာ၌ ကုမ္ပဏီကတစ်မျိုး၊ တောင်သူများကတစ်မျိုး ဖြစ်နေသည့်အတွက် ဖြေရှင်းရာတွင် မပြီးနိုင်သေးဟု စစ်ကိုင်းတိုင်း လယ်/ ဆည်ဝန်ကြီး ပြောကြား

စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်း ပြဿနာဖြေရှင်းရာ၌ ကုမ္ပဏီကတစ်မျိုး၊ တောင်သူများကတစ်မျိုး ဖြစ်နေသည့်အတွက် ဖြေရှင်းရာတွင် မပြီးနိုင်သေးဟု စစ်ကိုင်းတိုင်း လယ်/ ဆည်ဝန်ကြီး ပြောကြား
Published 21 December 2017

စံပယ်တောင်၊ ကြေးစင်တောင်တို့အား ယခုလပိုင်းအတွင်း အဝေးမှ မြင်ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် တည်ရှိသော စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းပြဿနာ ဖြေရှင်းသည့်နေရာ၌ ကုမ္ပဏီကတစ်မျိုး၊ တောင်သူများကတစ်မျိုး ဖြစ်နေသည့်အတွက် ဖြေရှင်းရာတွင် မပြီးနိုင်သေးဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လယ်ယာမြေ သိမ်းဆည်းခံရသည့် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းအနီးရှိ ရွာအချို့သည် ဧပြီ ၂၆ ရက် နံနက်ပိုင်းက မြေယာနစ်နာကြေးငွေ ရရှိစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အား မုံရွာမြို့သို့ လာရောက်ဆန္ဒပြရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆန္ဒပြ ဒေသခံများအား လမ်းတစ်ခု၌ တားဆီးကာ သိမ်းဆည်းခံလယ်ယာမြေနစ်နာကြေး ရရှိအောင် ကြိုးစားဆောင်ရွက်ပေးမည်ဟု  ကတိပြုထားကြောင်း သိရသည်။

“ကတိကဝတ်ပေးထားတာကတော့ အဲဒီမြေတွေရဲ့ ထောက်ပံ့ကြေးကိစ္စပေါ့နော်။ အဲဒါကို အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ပြောတာ။ အခုဟာက ဆောင်ရွက်နေဆဲပါ။ ထင်သလောက် မသွားနိုင်သေးဘူး ဖြစ်နေတယ်။ ဟိုမှာက မြေစာရင်းပြုစုထားတာ မပြီးနိုင်မစီးနိုင်ဖြစ်နေတာ။ အခုကော်မတီပါ ဖွဲ့စည်းပြီးတော့မှ စစ်ဆေးခိုင်းနေတယ်။ မြန်မြန်လုပ်ချင်တာ။ မပြီးနိုင်သေးဘူး ဖြစ်နေတာ။ အဲဒီမှာက ကုမ္ပဏီတွေက ပေးချင်တဲ့ မြေဧရိယာဧကနဲ့ တောင်သူတွေတောင်းတဲ့ မြေဧရိယာဧကတွေက မကိုက်ညီဘဲ ဖြစ်နေတာ။ ညှိရပြုရတာ အတော်လေး လက်ဝင်တာတွေပေါ့နော်။ ရှေ့ဆက် မသွားနိုင်ဘူးဆိုတာက သဘောထားမညီလို့ ပြောတာကွာ။ ပြောမယ်ဆိုရင် ကုမ္ပဏီက တစ်မျိုး၊ တောင်သူတွေကတစ်မျိုး အဲဒီလို အမျိုးမျိုး ဖြစ်နေလို့” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

စံပယ်တောင်၊ ကြေးစင်တောင်ကြေးနီ စီမံကိန်းပြဿနာဖြေရှင်းသည့် နေရာတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အနေဖြင့် ဟိုလိုလုပ်ပါဒီလိုလုပ်ပါဟု ညွှန်ကြားချက် မပေးထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်တိုင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့်ပတ်သက်၍ ဖြေရှင်းသည့် နေရာတွင် ရှေ့ဆက်မသွားနိုင်သေးကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကနေ လုပ်နေတာကိုက ရှေ့ကိုမသွားနိုင်ဘဲဖြစ်နေတယ်။ ဝန်ကြီးချုပ်ကတော့ ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ ဟိုဟာလုပ်ပါဒီဟာလုပ်ပါဆိုပြီးတော့ ညွှန်ကြားထားတာ မရှိပါဘူး။ ကျွန်တော်တို့လည်း ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ မြေယာထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရဘက်ကို တင်ပြထားတာ မရှိသေးဘူး။ အခုလောလောဆယ်တော့ ပေါင်းစပ်ညှိနှိုင်း လုပ်ပြီးတော့မှ နောက်ဆုံးပေါင်းစပ်ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုတဲ့ အခါကျတော့မှ ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ပြည်ထောင်စုအစိုးရရဲ့ အဆုံးအဖြတ်ကို ယူရမှာပါ။ အခုကတော့ ပေါင်းစပ်နေတဲ့အဆင့်ဆိုတော့ ပြည်ထောင်စု အစိုးရကို မတင်ရသေးပါဘူး” ဟု ဦးကမ်ဇာမုံက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါစာထဲတွင်  စံပယ်တောင်ကြေးစင်တောင် ကြေးနီစီမံကိန်းက ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေ ၆၂၅၃ ဒသမ ၀၄ ဧကအား ကြေးနီထုတ်လုပ်ရန်အတွက် သိမ်းဆည်းရယူခဲ့ကြောင်း၊ အချို့တောင်သူများသည် ယနေ့အထိ မြေယာနစ်နာကြေးငွေရယူထားခြင်း မရှိသည့် တောင်သူအများအပြား ကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent