ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရပ်တည်ချက်သုံးချက်ကို ရှင်းလင်းထုတ်ပြန်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရပ်တည်ချက်သုံးချက်ကို ရှင်းလင်းထုတ်ပြန်
Published 21 December 2017

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ သတင်းစာရှင်းလင်းစဉ်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ၎င်းတို့၏ ရပ်တည်ချက်သုံးချက်အား ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ ဒီဇင်ဘာ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခုဖမ်းဆီးခံနေရသော သတင်းထောက်နှစ်ဦး ကိစ္စကို သတင်းမီဒီယာဥပဒေအရ ဖြေရှင်းခွင့်ရလျှင် ဖြေရှင်းပေးလိုကြောင်း၊ သတင်းထောက်နှစ်ဦးအား တရားရုံးတင် စစ်ဆေးမည်ဆိုပါက လိုအပ်လျှင် Expret Witness ကျွမ်းကျင်သူ အသိသက်သေအနေဖြင့် သတင်းမီဒီယာကောင်စီမှ ဆောင်ရွက်လိုကြောင်း၊ သတင်းထောက်နှစ်ဦးအတွက် တရားမျှတသော ဆုံးဖြတ်ချက်များဖြစ်ရန် ဥပဒေရေးရာ အထောက်အကူလိုအပ်ပါက သတင်းမီဒီယာ ကောင်စီအား လုပ်ဆောင်ခွင့်ပေးစေလိုကြောင်း စသည့်အချက်သုံးချက်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ၎င်းတို့၏ ရပ်တည်ချက်အဖြစ် ထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့်  သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှုများ၊ ပေါက်ကြားလာသော အကြောင်းအရာများ၊ ကန့်သတ် သတင်းအချက်အလက်များနှင့် သတင်းရင်းမြစ်ကာကွယ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရပ်တည်လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား နိုင်ငံတော်၏ ပုံရိပ်ကျဆင်းနေပြီး အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံနေရချိန်တွင် အထက်ပါနည်းလမ်းများသည် အသင့်တော်ဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် အလေးအနက် ယူဆယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီး လုံခြုံရေးစာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ ဝင်သတင်းရယူခဲ့သည့် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့အား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ (၃) ဖြင့်အမှုဖွင့်အရေးယူထားပြီး တစ်ပတ်ကျော်ကြာသည့် အချိန်အထိ ဖမ်းဆီးခံရသူများနှင့် ဆက်သွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုမှာ ထောင်ဖမ်းခံရခြင်း ဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏အမှုကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရားရုံးသို့ အမှုစွဲဆိုတင်ပို့ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောသည် 7 Day Daily တွင် ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုက တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံသတင်းထောက် နှစ်ဦးနှင့် ပတ်သက်ပြီး အမည်းရောင်လှုပ်ရှားမှုကို ပြုလုပ်လျက်ရှိပြီး သတင်းမီဒီယာသမားအများစု လုပ်ဆောင်လျက်ရှိသည်။

Most Read

Most Recent