<

စစ်ကိုင်းမြို့သို့ အစိုးရဌာနဆိုင်ရာရုံးများ ပြန်လည်ရောက်ရှိရေး ဆန္ဒပြုလက်မှတ်များ တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ပြည်ထောင်စုအစိုးရထံ ဒုတိယအကြိမ် ထပ်မံတင်ပြ

စစ်ကိုင်းမြို့သို့ တိုင်းရုံးများ ပြန်လည်ရောက်ရှိရေး ဦးဆောင်ကော်မတီမှ တင်ပြသည့် မြို့ရှုခင်းအား ဝေဟင်မှ တွေ့ရစဉ်

စစ်ကိုင်းမြို့သို့ အစိုးရဌာနဆိုင်ရာရုံးများ ပြန်လည်ရောက်ရှိရေးအတွက် ဆန္ဒပြုလက်မှတ်များ တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာ မရှိသည့်အတွက် ဒုတိယအကြိမ် ပြည်ထောင်စု အစိုးရထံ ထပ်မံတင်ပြထားကြောင်း ဒီဇင်ဘာ၂၀ ရက်တွင် တိုင်းရုံးများအားလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ပြန်လည်ရောက်ရှိရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ် မေလက တိုင်းရုံးများ ပြန်လည်ရောက်ရှိရေး ဆန္ဒပြုလက်မှတ်တွေကို တင်ပြထားခဲ့ပေမဲ့ ခုချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ အခုဒုတိယ အကြိမ်မှာတော့ စစ်ကိုင်းမြို့က ဘာကြောင့် တိုင်းမြို့ဖြစ်သင့်သလဲဆိုတာ ခေါင်းစဉ် ခြောက်ခုနဲ့ မှတ်တမ်းဓာတ်ပုံတွေပါတဲ့ စာအုပ်ကို ပြည်ထောင်စု အစိုးရကို တင်ပြတာပါ။ စစ်ကိုင်းမြို့က ၁၉၄၇၊ ၁၉၇၄၊၂၀၀၈ အခြေခံဥပဒေတွေအရ တိုင်းမြို့တော်အဖြစ် ရှိနေဆဲပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ စစ်ကိုင်းမြို့ကို တိုင်းရုံးတွေ ပြန်စိုက်ရမှာပါ။ လက်ရှိအစိုးရကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာမယ်လို့ ထင်ပါတယ်” ဟု ဦးဆောင်ကော်မတီ အတွင်းရေးမှူး (၂) ဦးကျော်စိုးလင်းက ပြောကြားသည်။

ပထမအကြိမ် အစိုးရဌာနဆိုင်ရာရုံးများ စစ်ကိုင်းမြို့သို့ ပြန်လည်ရောက်ရှိရေးအတွက် ဆန္ဒပြုလက်မှတ်များကို စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ၂၃ ခုနှင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထု၏ ဆန္ဒပြုလက်မှတ်များကို ကောက်ခံခဲ့ကာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့ထားခဲ့ကြောင်း အဆိုပါကော်မတီမှ သိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ (င) မှာ စစ်ကိုင်းတိုင်း ဒေသကြီးဖြစ်တဲ့ ပြည်နယ်များကို အများစု နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးများရဲ့ အမည်ကို အစွဲပြုပြီး ခေါ်တွင်စေပြီး တိုင်းရုံးများစိုက်ထားတဲ့ မြို့တွေကို အစွဲပြုပြီး စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ ပဲခူးစသဖြင့် တိုင်းဒေသကြီးအဖြစ် မှည့်ခေါ်ကြတယ်။ ခုစစ်ကိုင်းတိုင်းရဲ့ မြို့တော်အဖြစ် မုံရွာကို တိုင်းရုံးအခြေစိုက်နေတာ အခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိပါဘူး” ဟု စစ်ကိုင်းမြို့ နယ် ဌာနပေါင်းစုံ ပင်စင်စား အသင်းဥက္ကဋ္ဌ ဦးဝင်းမော်က ပြောကြားသည်။

၂၀၀၅ ခုနှစ်တွင် စစ်ကိုင်းမြို့မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့သို့ အစိုးရဌာနဆိုင်ရာ ရုံးများအားလုံး ရွှေ့ပြောင်းခဲ့ကြောင်း သိရပြီး စစ်ကိုင်းမြို့နည်းတူ ပဲခူးတိုင်းမြို့တော်ကို ပဲခူးမြို့မှ တောင်ငူမြို့၊ တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့မှ မြိတ်မြို့သို့ တိုင်းမြို့များအဖြစ် ပြောင်းရွှေ့အခြေစိုက်ခဲ့ကြောင်း သိရပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် အပြောင်းရွှေ့ခံထားရသော တိုင်းသုံးတိုင်း၏ တိုင်းရုံးများကို မူလမြို့တော် အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန် ခဲ့သော်လည်း ပဲခူးမြို့နှင့် ထားဝယ်မြို့များကိုသာ တိုင်းမြို့အဖြစ် ပြန်လည်ရွှေ့ပြောင်းခဲ့ပြီး စစ်ကိုင်းမြို့မှာ မြို့တော်အဖြစ် ပြန်လည် ပြောင်းရွှေ့မှု မခံခဲ့ရကြောင်း မြို့မှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းတိုင်း၏ မြို့တော်မှာ စစ်ကိုင်းမြို့သာဖြစ်ကြောင်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉ (က) ပြဋ္ဌာန်းထားကြောင်း သိရပြီး ယခင်အစိုးရနှင့် လက်ရှိ NLD အစိုးရတို့သည် စစ်ကိုင်းမြို့၌ တိုင်းရုံးများ ပြန်လည်ရုံးစိုက်ရန် ပျက်ကွက်ခဲ့ပြီး ခရိုင်မြို့ တစ်မြို့ဖြစ်သော မုံရွာမြို့၌ တိုင်းအစိုးရဌာနဆိုင်ရာရုံးများ ရုံးစိုက်နေခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ချိုးဖောက်နေကြောင်း ကော်မတီမှ သိရသည်။

 

December 20, 2017














Copy Protected by Chetan's WP-Copyprotect.