<

ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရသေးခြင်းနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် စုံစမ်းထုတ်ပြန်ပေးရန် လူ့အခွင့်အရေးကော်မရှင်ထံ MJN စာပို့

ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရသေးခြင်းနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ချိုးဖောက်ခံနေရခြင်းအတွက် စုံစမ်းထုတ်ပြန်ပေးရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က  ဒီဇင်ဘာ ၂၀ ရက်တွင် စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးပို့သောစာတွင် ဒီဇင်ဘာ ၁၂ ရက်ညတွင် ဖမ်းဆီးခံရပြီးနောက် သီတင်းပတ်ကြာမြင့်သည်အထိ မည်သည့်နေရာတွင် ထားရှိသည်၊ ၎င်းတို့နှစ်ဦးကို မည်သို့ပုံစစ်ဆေးနေသည်နှင့် ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ မိသားစုဝင်များထံ အသိပေးခြင်း၊ တွေ့ဆုံခွင့်ပေးခြင်း၊ ရှေ့နေရှေ့ရပ်များနှင့် တွေ့ဆုံခွင့်ပေးခြင်းတို့ မရှိကြောင်း မိသားစုဝင်များထံမှ ကြားသိရကြောင်း ဖော်ပြထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က “တစ်ပတ်ကြာတဲ့အထိ မိသားစုက သူတို့ကိုဘယ်မှာ ချုပ်ထားတယ်မသိဘူး။ ကျန်းမာရေး အခြေအနေရော စိုးရိမ်ပူပန်နေတယ်။ ရိုက်နှက်ပြီးတော့ စစ်ဆေးခံနေရသလား၊ နှိပ်စက်ညှဉ်းပန်းခံရမှုရှိသလား စသဖြင့် သူတို့မိသားစုဝင်တွေ စိုးရိမ်တယ်။ သတင်းသမားတွေအနေနဲ့လည်း စိုးရိမ်တယ်။ ဒါကြောင့် ဒီဟာက လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကိစ္စ ဖြစ်တယ်။ ဖမ်းဆီးထိန်းသိမ်းတာကို ကျွန်တော်တို့က ၀င်စွက်ဖက်တာမဟုတ်ပေမယ့် ဖမ်းဆီးထိန်းသိမ်းခံရပေမယ့် ဒီရက်နဲ့ ဒီရက်အတိုင်းအတာမှာ သူ့မိသားစုနဲ့တွေ့ခွင့် ရှိရမယ်ပေါ့။ ဒါဟာအခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးပါ”  ဟု ပြောကြားသည်။

သတင်းထောက်နှစ်ဦးအား အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားရာ၌ ၎င်းတို့၏ မိသားစုဝင်များကို လုံးဝတွေ့ခွင့်မပေးခြင်းသည် ဖမ်းဆီးထိန်းသိမ်းခံ နေရသူနှစ်ဦး၏ အခြေခံလူ့အခွင့်အရေး တနည်းအားဖြင့် နိုင်ငံသားအခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ခံနေရသည်ဟု နားလည်မိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခုကိစ္စရပ်ကို စုံစမ်းမေးမြန်း ထုတ်ပြန်ပေးပါရန် မြန်မာဂျာနယ်လစ်ကွန်ရက်က မိသားစုဝင်များ ကိုယ်စားလေးစားစွာဖြင့် ပန်ကြားအပ်ကြောင်း ပေးပို့သောစာတွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်ဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲ တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး ရခိုင်ဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ၀င်သတင်းရယူခဲ့သည့် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အား သက်သေအထောက်အထား စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ(၃) ဖြင့် အမှုဖွင့်ထားကြောင်း  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

December 20, 2017














Copy Protected by Chetan's WP-Copyprotect.