<

ပခုက္ကူဆန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်အသစ်များ စတင်ဝင်ရောက်နေပြီး ယခင်နှစ်ထက် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် ဈေးနှုန်းမြင့်တက်

ပခုက္ကူဆိပ်ကမ်းတွင် မြစ်ဝကျွန်းပေါ်ဒေသမှ တင်ပို့သည့် ဆန်များအား မြို့တွင်းသို့ သယ်ပို့ရန် ပြင်ဆင်နေစဉ်

ပခုက္ကူဆန်ဈေးကွက်သို့ မြစ်ဝကျွန်းပေါ် ဒေသထွက် မိုးဆန်အသစ်များ ယခုဒီဇင်ဘာ လလယ်ပိုင်းမှ စတင်ဝင်ရောက်နေပြီး ယခင်နှစ်ထက် တစ်အိတ် (၂၄ ပြည် ) လျှင် ကျပ် ၂၀၀၀ ခန့် ဈေးနှုန်းမြင့်တက်ကြောင်း ပခုက္ကူ မြို့ခံ ဆန်ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ပခုက္ကူဆန်ဈေးကွက်သို့ မိုးဆန်အသစ်များ စတင်ဝင်ရောက်ချိန်တွင် တစ်တင်းခွဲ တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ မှ  ကျပ် ၂၂၀၀၀ ခန့် ပေါက်ဈေးရှိပြီး ယခုနှစ် မိုးဆန်သစ် စတင်ဝင်ရောက် ချိန်တွင် တစ်အိတ်လျှင် ကျပ် ၂၃၅၀၀ ကျပ်မှ ကျပ် ၂၄၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

“ဆန်ဈေးကွက်ထဲတော့ မိုးဆန်အသစ်တွေ စ၀င်လာပါပြီ။ ဒီနှစ်ပေါ်စဈေးက မနှစ်ကနဲ့ ယှဉ်လိုက်ရင် တစ်တင်းခွဲ တစ်အိတ်ကို ကျပ် ၁၅၀၀၊ ကျပ် ၂၀၀၀ လောက် ဈေးတက်ပါတယ်။ လက်ရှိတော့ ပွဲရုံအလိုက် တံဆိပ်အလိုက် တစ်အိတ်ကို ကျပ် ၂၃၅၀၀ ၊ ကျပ် ၂၄၀၀၀ ရောင်းကြတယ်။ ဆန်ဝယ်ရတဲ့ နေရာမှာလည်း သိပ်အခက်အခဲ မရှိပါဘူး။ လိုသလောက် ၀ယ်ရပါတယ်” ဟု ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုလှမြင့်က ပြောကြားသည်။

ပခုက္ကူဆန်ဈေးကွက်သို့ မိုးဆန်သစ်များ လက်ရှိတွင် ၀င်ရောက်မှု နည်းပါးနေသော်လည်း လာမည့် ကာလများတွင် အလုံးအရင်းဖြင့် ၀င်ရောက်လာမည်ဖြစ်ပြီး မိုးဆန်သစ်မှာ ပခုက္ကူဆန်ဈေးကွက်တွင် ၀ယ်ယူစားသုံးသူ များပြားသည့် ဆန်အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက ပခုက္ကူဆန်ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့သည့် နွေဆန်များမှာလည်း လက်ရှိတွင် ပုံမှန်အတိုင်း ရောင်းဝယ်နေဆဲဖြစ်ပြီး နွေဆန် တစ်အိတ် (၂၄ ပြည်) လျှင် ကျပ်၂၄၀၀၀ ပေါက် ဈေးရှိကြောင်း ကုန်သည်များထံမှ သိရသည်။

“ဒီဖက်နယ်ကတော့ မိုးဆန်ပိုကြိုက်တယ်။ မိုးဆန်က အချက်ခံတယ်။ ထမင်းလည်းတက်တယ်။ ဈေးလည်း တောသူတောင်သား လက်လှမ်းမှီတဲ့ အနေအထားဆိုတော့ မိုးဆန် ပိုဝယ်ကြတယ်။ ကျွန်တော်တို့ တောင်သူတွေ သီးနှံပေါ်ချိန် ရောင်းချိန်နဲ့လည်းကိုက်တော့ မိုးဆန် အဓိက ၀ယ်ကြစားကြတာပဲ” ဟု မြိုင်မြို့နယ် ၊ အိုရင်းရွာမှ ကိုဗညားက ပြောကြားသည်။

လက်ရှိ ပခုက္ကူဆန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၇၀၀၀ ခန့် ပေါက်ဈေးရှိပြီး ရွှေဘို၊ ရေဦးဒေသထွက် ဧရာမင်း တစ်အိတ်လျှင် ကျပ် ၄၇၀၀၀၊ ကျပ် ၄၈၀၀၀ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။

လာမည့် ဇန်န၀ါရီလတွင် ပခုက္ကူဒေသ တစ်ဝိုက်မှ တောင်သူများ သီးနှံအားလုံး ရိတ်သိမ်းမည် ဖြစ်သည့်အတွက် အဆိုပါကာလတွင် ဆန်ရောင်းဝယ်မှု သွက်လက်ပြီး ယခုနှစ်တွင် သီးနှံဈေးနှုန်း ကျဆင်းမှုကြောင့် အရောင်းအ၀ယ် မှန်းဆရန် ခက်ခဲကြောင်း ဒေသခံ ဆန်ကုန်သည်များက သုံးသပ်ပြောကြားသည်။

မိုးဆန်သစ်များ ၀င်ရောက်မှု များပြားချိန်တွင် ပခုက္ကူဆိပ်ကမ်း၌ ဆန်ပို့မော်တော်များ ရပ်နားရန် နေရာအခက်အခဲ ကြုံတွေ့ရပြီး အချို့သော မော်တော်များမှာ မြစ်လယ်တွင် ယာယီရပ်နားပြီး ဆန်ချရန် စောင့်ဆိုင်းရကြောင်း သိရသည်။

ချင်းပြည်နယ်၊ ယောဒေသ၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့များသို့ ဆန်တင်ပို့ရောင်းချနေသော ပခုက္ကူမြို့ ဆန်ဈေးကွက်မှာ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှ ထွက်ရှိသော ဆန်များအား အဓိက ၀ယ်ယူရောင်းချရာ ဆန်ဈေးကွက်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

December 20, 2017














Copy Protected by Chetan's WP-Copyprotect.