ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်လာသူများ ယာယီနေရာချထားမည့် ဒါးကြီးဇားကျေးရွာ၌ ယာယီဆေးရုံ သို့မဟုတ် ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ရန် လုပ်ဆောင်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်လာသူများ ယာယီနေရာချထားမည့် ဒါးကြီးဇားကျေးရွာ၌ ယာယီဆေးရုံ သို့မဟုတ် ကျေးလက်ကျန်းမာရေးဌာနဖွင့်လှစ်ရန် လုပ်ဆောင်မည်
Published 21 December 2017

 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာသူများ ယာယီပြန်လည်နေရာချထားမည့် ဒါးကြီးဇားကျေးရွာ၌ မြေပြင် အခြေအနေနှင့် လိုအပ်ချက်အပေါ်မူတည်၍ ယာယီဆေးရုံ သို့မဟုတ် ကျေးလက်ကျန်းမာရေးဌာန ဌာနခွဲဖွင့်လှစ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြန်လည်လက်ခံရေးစခန်းများ (တောင်ပြိုလက်ဝဲနှင့် ငါးခူရ) နှင့် ယာယီ ပြန်လည်နေရာချထားမည့် ဒါးကြီးဇားကျေးရွာတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဖွဲ့စည်းသွားမည့် ဆေးအဖွဲ့များအနက် နယ်စပ်ဝင်ထွက်ပေါက်ဆေးခန်းတွင် လက်ထောက်ကျန်းမာရေးမှူးနှစ်ဦးစီ၊ သားဖွားဆရာမနှစ်ဦးစီ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်  (၂)  တစ်ဦးစီ၊ ကြက်ခြေနီလေးဦးစီနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့တွင် လက်ထောက် ကျန်းမာရေးမှူးတစ်ဦးစီ၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) တစ်ဦးစီ၊ ယာဉ်မောင်းနှစ်ဦးစီ ထားရှိပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ဆေးအဖွဲ့များအတွက် လိုအပ်သော ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများအား အခြားသော ပြည်နယ်/တိုင်းဒေသကြီးများမှ အလှည့်ကျခေါ်ယူကာ အင်အားဖြည့်ဆည်းပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းနှင့် မောင်တောမြို့နယ်အတွင်းမှ ဒေသခံအခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးတွဲ တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာပါက ပြန်လည်လက်ခံနိုင်ရန်အတွက် စီစဉ်ပေးထားပြီး ကုန်းလမ်းဖြင့် ဝင်ရောက်လာသူများအတွက် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နှင့် ရေလမ်းဖြင့် ဝင်ရောက်လာသူများအတွက် ငါးခူရ ကျေးရွာများအား ရွေးချယ်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွှေ့ပြောင်းသွားသူများ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီ လက်ခံပေးမည်ဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ဦးရေ ၁၀၀ မှ ၁၅၀ ခန့်အထိ လက်ခံ ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြန်လည်လက်ခံပါက လူဝင်မှုဆိုင်ရာလုပ်ငန်းများ (National Verification Card ထုတ်ပေးခြင်း၊ Bioetric မှတ်တမ်းပြုလုပ်ခြင်း) နှင့် အခြားလိုအပ်သည်များအား သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်  ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းများ၌ လက်ခံထားသော လူထုအား အဆိုပါစခန်းများ၌ တစ်ညနေထိုင်ရန် စီစဉ်ပေးမည်ဖြစ်ပြီး နေထိုင်ရေးနှင့် စားသောက်ရေးများ စီစဉ်ပေးမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့ နံနက်တွင် အဆိုပါ ပြန်လည်လက်ခံထားသောလူထုအား ဒါးကြီးဇားကျေးရွာသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ဒါးကြီးဇား ကျေးရွာ၌ ယာယီနေထိုင်ရမည်ဖြစ်ကြောင်း နှင့် ဤအစီအစဉ်အတိုင်း ဆောင်ရွက်ဖြစ်မည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနအနေဖြင့် ပြန်လည်ဝင်ရောက်လာသည့် လူထုအား မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ငါးခူရကျေးရွာနှင့်ဒါးကြီးဇားကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent