ဖြိုးကိုကိုတင့်ဆန်း အပါအဝင်နှစ်ဦးအား လက်နက်များအက်ဥပဒေဖြင့် ဗဟန်းမြို့မရဲစခန်းက ထပ်မံအမှုဖွင့်

ဖြိုးကိုကိုတင့်ဆန်း အပါအဝင်နှစ်ဦးအား လက်နက်များအက်ဥပဒေဖြင့် ဗဟန်းမြို့မရဲစခန်းက ထပ်မံအမှုဖွင့်
Published 21 December 2017

ဖြိုးကိုကိုတင့်ဆန်းအပါအဝင် နှစ်ဦးအား ဗဟန်းမြို့မရဲစခန်းက လက်နက်များ အက်ဥပဒေဖြင့် ဒီဇင်ဘာ ၁၉ ရက်က ထပ်မံအမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၆ ရက်က ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်းရှိ  ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်း နေထိုင်သော နေအိမ်အတွင်းမှ စိတ်ကြွဆေးပြားနှစ်ပြား၊ ICE အမှုန့် များကပ်နေသည့် ပလတ်စတစ်ကပ်ခွာအိတ် တစ်အိတ်၊ ၅ ဒသမ ၅၆ ကျည်သုံးတောင့်တို့ကို တွေ့ရှိခဲ့သဖြင့် ဒီဇင်ဘာ ၁၉ ရက်တွင် ဖြိုးကိုကိုတင့်ဆန်း (ဖမ်းမိ) နှင့် ခဲယမ်းများ ဝယ်ပေးပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ချမ်းငြိမ်း (၃၂ နှစ်) တို့အား ဗဟန်းမြို့မရဲစခန်းက (ပ)၆၁၀/၂၀၁၇၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၂၉ (စ)/ (က) ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်၌ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် သုံးဦးတို့၏ ခရီးဆောင်အိတ်အတွင်းမှ ၉ မမပစ္စတိုနှစ် လက်၊ ကျည် ၇၂ တောင့်နှင့် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁ ဒသမ ၅  ဂရမ် တွေ့ရှိခဲ့သဖြင့် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် သုံးဦးအား အေလာနယ်မြေရဲစခန်းက မယ(ပ)၃/ ၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/ ၁၆ (ဂ)/ ၂၂ (ခ)၂၁ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး အမှုအား မှုခင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် လွှဲပြောင်းစစ်ဆေးပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ လက်နက်ပုဒ်မ ၁၉ (စ) ဖြင့် သီးခြား ထပ်မံအမှုဖွင့်ရန် အကြံပြုလာသဖြင့် ဒီဇင်ဘာ ၁၅ ရက်က ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးအား အေလာနယ်မြေရဲစခန်းက လက်နက်ပုဒ်မ ၁၉ (စ) ဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။

ထို့ပြင် ၁၉၃၂ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ၆ (၁) (က) (င) (နိုင်ငံလုံခြုံရေး ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်/ ရဲတပ်ဖွဲ့/ အခြား ဝန်ထမ်းဝတ်စုံကို ထင်ယောင်ထင်မှားဖြစ်စေရန် ဝတ်ဆင်မှု၊ အစိုးရဌာန/ တပ်မတော်  အာဏာပိုင် ပြုလုပ်စီမံထားသည့် တံဆိပ်တုံးနှင့် တံဆိပ်ကို အတုပြုလုပ်လက်ဝယ်ထားရှိမှု) တို့ဖြင့် ဖြိုးကိုကိုတင့်ဆန်း၊ ACE ကုမ္ပဏီမန်နေဂျာ ဖြိုးဗိုလ်ဗိုလ်၊ ဟိုတယ် ACE ဝိတ်တာ ချမ်းငြိမ်းမောင်၊ ဟိုတယ်မှ ရေလိုင်းမီးလိုင်း တာဝန်ခံ စိုးမြင့်ကျော်တို့အား အမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်းအား နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ရဲစခန်းများတွင် အမှု ၁၇ မှု ဖွင့်လှစ်ထားပြီး စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent