မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်လုပ်သားများ ဒီဇင်ဘာလကုန် အပြီးထွက်ခွာရန် ကြေညာထားမှုအပေါ် မလေးရှားအစိုးရနှင့် မြန်မာသံရုံးတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးနေ

မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင်လုပ်သားများ ဒီဇင်ဘာလကုန် အပြီးထွက်ခွာရန် ကြေညာထားမှုအပေါ် မလေးရှားအစိုးရနှင့် မြန်မာသံရုံးတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးနေ
Published 21 December 2017

မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ အပြီးထွက်ခွာရန် ကြေညာထားမှုအပေါ် မလေးရှားအစိုးရနှင့်  မြန်မာသံရုံးမှ တာဝန်ရှိသူများအကြား ညှိနှိုင်း ဆွေးနွေးနေကြောင်း သိရသည်။

မလေးရှားနိုင်ငံအတွင်းရှိ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို နှစ်ကုန် ခါနီးတွင် ဖမ်းဆီးနေမှုများရှိကြောင်း၊ မြန်မာလုပ်သားများလည်း ဖမ်းဆီးခံနေရကြောင်း၊ ဖမ်းဆီးခံရသူများအတွက် မလေးရှားအစိုးရ နှင့် မြန်မာသံရုံးတာဝန်ရှိသူများ ညှိနှိုင်းဆွေး နွေးနေကြောင်း  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“မလေးရှားမှာတော့ နှစ်ကုန်ခါနီးရင် တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးနေတယ်။ မြန်မာအလုပ်သမားတွေ တော်တော် များများဖမ်းဆီးခံရတယ်လို့လည်း သိတယ်။ အဲဒီအတွက် မလေးရှားမှာရှိတဲ့ သံအမတ်ကြီးရော၊ သံအရာရှိရော ညှိနှိုင်းဆောင်ရွက်နေတယ်။ ကိုယ့်နိုင်ငံသားတွေ အဖမ်းမခံရဖို့လည်း အသိပေးနေတယ်။ ပညာပေးနေတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မလေးရှားအစိုးရသည် မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားလုပ်သားများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍နိုင်ငံအတွင်းမှ ထွက်ခွာရန် အသိပေးထားသော်လည်း လက်ရှိတွင် တရားမဝင်မြန်မာလုပ်သားများကို ဖမ်းဆီးမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။

“မလေးမှာ ခိုးနေတဲ့လူတွေကို နှစ်ကုန်ခါနီးရင် မလေးရဲတွေက ဖမ်းနေကျပဲ။ ဒီမှာ နေတာကြာပြီဆိုတော့ ကျွန်တော်က အဲဒီအထာကို သိနေတယ်။ အဲဒါကြောင့် နှစ်ကုန်ခါနီးရင် အပြင်သိပ်မထွက်ကြဖို့ ကိုယ့်မြန်မာအချင်းချင်း အမြဲသတိပေးတယ်။ ဒါပေမဲ့ အပြင်မထွက်ဘဲနေလို့မှမရတာ အလုပ်အသွားအပြန်နဲ့ လိုအပ်တာတွေဝယ်ရတဲ့အချိန်ဆို ထွက်နေရတာပဲ။ အရင်ကထက် ပိုပြီးသတိထားနေရတာပေါ့” ဟု မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား တရားဝင်လုပ်သားနှစ်သိန်း၊ တရားမဝင်လုပ်သား သုံးသိန်းနှင့် ကျွမ်းကျင်ပညာရှင်တစ်သိန်းခန့် ရောက်ရှိနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစု မှာ  အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်လုပ်ကိုင်လျက်ရှိပြီး ဒုတိယအများဆုံးမှာ မလေးရှားနိုင်ငံတွင် လုပ် ကိုင်လျက်ရှိသည်။

Most Read

Most Recent