ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ငါးတင်သွင်းမှုများကို ဖမ်းဆီးမည့် စစ်ဆေးရေးဂိတ်များ နယ်စပ်တွင် ထပ်မံဖွင့်လှစ်မည်ဟုဆို

ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ငါးတင်သွင်းမှုများကို ဖမ်းဆီးမည့် စစ်ဆေးရေးဂိတ်များ နယ်စပ်တွင် ထပ်မံဖွင့်လှစ်မည်ဟုဆို
Published 21 December 2017

သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအတွင်းရှိ ငါးများလက်လီရောင်းချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

ပြည်တွင်းရှိ တရားမဝင်ငါးများ တင်သွင်းမှုများနေသည့်အတွက် တရားမဝင် ဝင်ရောက်လာမည့် ငါးများကိုဖမ်းဆီးမည့် စစ်ဆေးရေးဂိတ်များကို နယ်စပ်တွင်ထပ်မံဖွင့် လှစ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ရန်ကုန်ဈေးကွက်ကို ဝင်လာတာနည်းလမ်းပေါင်းစုံနဲ့ သူတို့က နယ်စပ်ကနေ ကားကြီးတွေနဲ့ တင်သွင်းတာမဟုတ်ဘူး။ ကားအသေးလေးတွေနဲ့ တင်သွင်းတာပြီးမှ ဒီဘက်က ဒိုင်တွေကိုဖြန့်တာ။ အခုက ဈေးကွက်ထဲ ဖြန့်ဖြူးတော့မှ ဖမ်းဆီးတဲ့ပုံစံထက် စပြီးဝင်လာမယ့် နယ်စပ်တွေမှာ စစ်ဆေးရေးဂိတ်တွေ ထပ်တိုးပြီးလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။

တရားဝင်တင်သွင်းနေသည့် ငါးများကို ဖမ်းဆီးစစ်ဆေးနိုင်ရန်အတွက် လက်ရှိတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ တရားမဝင်ငါးများ ဝင်ရောက်မှုသည် အများဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ-ထိုင်း နယ်စပ် မြဝတီကုန်သွယ်ရေးစခန်းများတွင် တရားမဝင်ငါးတင်သွင်းမှုများကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာမှ သိရသည်။

“အဓိကအနေနဲ့ လုပ်ငန်းရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးတယ်။  ဝင်ရောက်မှုများတဲ့ မြဝတီကုန်သွယ်ရေးစခန်းကိုလည်း စစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့က အဆင်သင့်ပဲသတင်းပေးရင် ချက်ချင်းဖမ်းသွားမယ်” ဟု ဦးထွန်းဝင်းမြင့်က ပြောကြားသည်။

ဈေးကွက်အတွင်း၌ ပြည်ပမှ တရားမဝင်တင်သွင်းနေသည့် ငါးများသည် လက်ရှိပြည်တွင်းမှ ထုတ်လုပ်နေသည့် ငါးများထက် တစ်ပိဿာကို ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ ဈေးနှုန်းသက်သာကြောင်း၊ စားသုံးရန်သင့်၊ မသင့်စစ်ဆေးမှုများ ဆောင်ရွက်သင့်ကြောင်း သိရသည်။

“ဒီမှာက ငါးမွေးတဲ့သူတွေက ဖွဲနု၊ ဖွဲဖတ် ကျွေးတယ်။ သူတို့တွေက Protein ပါတာ။ အဲဒါမျိုးအစာကို ကျွေးတာ အကြီးမြန်တယ်။ ကုန်ကျစရိတ် သက်သာတယ်။ ပြည်တွင်းကထုတ်တဲ့ ငါးနဲ့ ဘာကွာလဲဆိုတာ စားသုံးကြည့်မှ အရသာလက်ဆက်မှုတွေသိရမှာ” ဟု ဦးထွန်းဝင်းမြင့်က ပြောကြားသည်။

တရားမဝင်တင်သွင်းလာသည့် ငါးများကို ဖမ်းဆီးရရှိပါက မီးရှို့ဖျက်ဆီးကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ တရားမဝင်တင်သွင်းသည့် ငါးများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ပြုလုပ်ရာတွင် အများဆုံးပြုလုပ်နေကြာင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ပြည်ပသို့ အရည်အသွေးမြင့် ငါး၊ ပုစွန် များ ပိုမိုတင်ပို့နိုင်ရန်အတွက် ပြည်တွင်း၌ လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးစနစ်မှ နိုင်ငံတကာအဆင့်မီ မွေးမြူရေးစနစ်များ အကောင်အထည်ဖော်နိုင်ရန်  စီစဉ်နေကြာင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ရရှိသည့် ဝင်ငွေသည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၅၀ နှင့် ၇၀၀ ကြားသာ ရရှိနေခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

Most Read

Most Recent