ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမား ဥပဒေသစ်ကြောင့် နေရပ်ပြန်လာသူ များပြားနေဆဲဖြစ်ပြီး အထောက်အထား သက်တမ်းကုန်ဆုံးသူနှင့် အသက်အရွယ် ကြီးရင့်လာသူများ ပါဝင်ကြောင်းသိရ

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမား ဥပဒေသစ်ကြောင့် နေရပ်ပြန်လာသူ များပြားနေဆဲဖြစ်ပြီး အထောက်အထား သက်တမ်းကုန်ဆုံးသူနှင့် အသက်အရွယ် ကြီးရင့်လာသူများ ပါဝင်ကြောင်းသိရ
Published 21 December 2017

မြဝတီမြို့ အမှတ် ( ၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေး စခန်းတွင် နေရပ်ပြန်လာသူများကို တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရေး ရပ်ဆိုင်းရေးကာလ ရက်ပေါင်း ၁၈၀ ပြည့်ရန် ၁၀ ရက် အလိုထိ နေရပ်ပြန်လာသူ အများအပြား ရှိနေဆဲဖြစ်ပြီး အထောက်အထားသက်တမ်း ကုန်ဆုံးသူနှင့် အသက်အရွယ် ကြီးရင့်လာသူ အများအပြား ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမား ဥပဒေသစ်ကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများမှာ ဇွန် ၂၉ ရက်မှစ၍ နေရပ်မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြခြင်းဖြစ်သည်။

မြဝတီမြို့ အမှတ် ( ၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းသို့ ဒီဇင်ဘာ ၂၀ ရက်တွင် ပြန်လာသူ အသက် ၅၅ နှစ်အရွယ် ဦးလွယ်က “ကျွန်တော်က အသက်ကြီးပြီလေ၊ အလုပ်ရှင်က မလိုချင်တော့ဘူး။ ဖိနပ်စက်ရုံမှာ အလုပ်လုပ်တာပါ။ ပတ်စ်ပို့သက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ပြန်လာခဲ့တာပါ။ ရွာရောက်ရင်တော့ စိုက်ပျိုးရေးပဲ လုပ်မယ်လို့ စိတ်ကူးထားပါတယ်” ဟု ပြောကြားသည်။

ဇွန် ၂၉ ရက်မှ နိုဝင်ဘာ ၂၉ ရက်ထိ ၄၇၀၁၅ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ကာ နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလတွင် ရက် ၂၀ အတွင်း ၄၆၀၉ ဦး ပြန်လည်ရောက်ရှိခဲ့၍ ခြောက်လပြည့်ရန် ၁၀ ရက်အလိုတွင် နေရပ်သို့ ပြန်လာသူ မြန်မာရွှေ့ပြောင်း လုပ်သား ၅၁၆၂၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်ရှင် အလုပ်သမား ဥပဒေသစ်ကြောင့် ဖမ်းဆီးရေး ဆောင်ရွက်ပြီးနောက် နေရပ်ပြန်လာသူ များပြားလာခဲ့ကာ ထိုင်းလုပ်ငန်းအချို့ ထိခိုက်လာခြင်းကြောင့် ပြန်လည်ပြင်ဆင်ကာ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အထောက်အထားပြုလုပ်ရန် သွားလာခွင့်ကို ရက်ပေါင်း ၁၂၀ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြဝတီမြို့ ပြန်လည်ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား အမျိုးသား အမျိုးသမီးများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ပြီး အထောက်အထား မရှိသူများ ပါဝင်သလို မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး အထောက်အထား မရှိသူများ ပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံမှ ပြန်လာသူများမှာ အထောက်အထားမဲ့ လုပ်ကိုင်နေသူ အများဆုံးဖြစ်ပြီး အကြောက်တရား၊ စိုးရိမ်မှုများကြောင့် ပြန်လာခဲ့ကြသလို အထောက်အထား ရှိသူများမှာ အနေကြာလာခြင်းနှင့် မိသားစုဝင်များက ပြန်လာရန် ခေါ်ဆိုခြင်းကြောင့် ဖြစ်သည်။ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် အထောက်အထား မရှိသူများအပြင် အသက်အရွယ်ကြီးရင့်သူ၊ ပတ်စ်ပို့အသစ်လုပ်ရန် ပြန်လာသူများ ပါဝင်သည်။

မြဝတီကျောက်လုံးကြီး စခန်းသို့ ရောက်ရှိလာသည့် မလေးပြန် မြန်မာရွှေ့ပြောင်း လုပ်သားများအား အလုပ်သမား ဦးစီးဌာနမှ တာဝန်ရှိသူနှင့် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြည်ပနိုင်ငံသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်ရာတွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြဝတီခရိုင်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ကြိုဆိုလက်ခံပြီး လိုအပ်သည်များ ကူညီကာ ထမင်းဘူး ရေသန့်ဘူးတ့ို ဝေပေးကာ ယင်းတို့သွားလို သည့်မြို့၊ ရွာများသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent