ယခုနှစ် ဒီဇင်ဘာလမကုန်မီ မြန်မာနိုင်ငံမှ ဆန်တန်ချိန်နှစ်သိန်းကို G to G စာချုပ်ဖြင့် ထပ်မံဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းထားဟုဆို

ယခုနှစ် ဒီဇင်ဘာလမကုန်မီ မြန်မာနိုင်ငံမှ ဆန်တန်ချိန်နှစ်သိန်းကို G to G စာချုပ်ဖြင့် ထပ်မံဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းထားဟုဆို
Published 21 December 2017

ယခုနှစ် ဒီဇင်ဘာလမကုန်မီ မြန်မာနိုင်ငံမှ ဆန်တန်နှစ်သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရချင်းသဘောတူညီမှု (G to G) စာချုပ်ချုပ်ဆိုကာ ထပ်မံဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“နောက်ထပ်လည်း ဒီဇင်ဘာလမကုန်ခင်မှာသူတို့ နှစ်သိန်းထပ်ဝယ်မယ်လို့ ကမ်းလှမ်းထားတာရှိတယ်။ မကြာခင်မှာ ဈေးနှုန်းတွေညှိဖို့ရှိတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေး မှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား (G to G) စာချုပ်ဖြင့် ဆန်တန်ချိန် သုံးသိန်းတင်ပို့နိုင်ရန်နားလည်မှု စာချွန်လွှာ  MoU ထိုးထားကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းကို စတင်တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း ရေကြီးနစ်မြှုပ်မှုများကြောင့် စပါးစိုက်ဧကများ ပျက်စီးသွားသည့်အတွက် ယခုနှစ်တွင် ဆန်လိုအပ်ချက်ကြီးမားနေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းကို ထပ်မံဝယ်ယူရန် ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ့ရဲ့ရေကြီးတဲ့အတွက် သူတို့နိုင်ငံမှာ စိုက်ဧကတွေအများကြီး ပျက်စီးသွားတယ်။ အဲဒီအတွက်ကြောင့် သူ့ရဲ့ဆန်လိုအားက အရမ်းမြင့်တယ်။ အခု အချိန်အထိ သူ့နိုင်ငံကိုတင်သွင်းပြီးသား တင်ဒါခေါ်တာရော G to G ကတိစာချုပ်တွေရောဆိုရင် ၁ ဒသမ ၂ သန်းလောက် Inport လုပ်ပြီးသွားပြီ။ သူကထက်ပြီးတော့လည်း တစ်သန်းလိုတယ်လို့ သတင်းရတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ဒီနှစ်မှာတော့ အဲဒီဘက်ကို တော်တော်လေးသွားပါတယ်။ G to G ကလည်း သုံးသိန်း MoU ထိုးထားတယ်။ တစ်သိန်းကတော့ လက်ရှိပို့နေတာပြီးခါနီးနေပြီ” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်တင်ပို့ထားပြီး နှစ်၅၀အတွင်း ပထမဆုံး စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည့်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး အထွေထွေညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ကျန်ရှိနေသည့် သုံးလကျော်အတွင် ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းခန့် ထက်မံတင်ပို့သွားနိုင်မည်ဖြစ်သည့်အတွက် ယခုနှစ်ကုန်၌ စံချိန်တင်ကာ ဆန်တန်ချိန် ၂ ဒသမ ၇ သန်းအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသိန်းအထိ တင်ပို့နိုင်ရန်အတွက်ကိုလည်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent