မြောက်ကိုရီးယား ခြိမ်းခြောက်မှု ရှိနေစဉ် ဂျပန်က ဒုံးကျည်ကာကွယ်ရေး စနစ်များကို ဝယ်ယူရန်ခွင့်ပြု

မြောက်ကိုရီးယား ခြိမ်းခြောက်မှု ရှိနေစဉ် ဂျပန်က ဒုံးကျည်ကာကွယ်ရေး စနစ်များကို ဝယ်ယူရန်ခွင့်ပြု
Published 20 December 2017

တိုကျိုအပြင်ဘက်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်း၌ မြေပြင်မှ ဝေဟင်ပစ် ကြားဖြတ်ဒုံးကျည် PAC-3 အား အသုံးချရေးအတွက်  ဂျပန်တပ်ဖွဲ့များ လေ့ကျင့်နေကြစဉ် (Photo : AP)

မြောက်ကိုရီးယားထံမှ ခြိမ်းခြောက်မှုများ မြင့်တက်နေစဉ် အမေရိကန်၏ တန်ဖိုးကြီးသော မြေပြင်အခြေစိုက် တိုက်ခိုက်ရေး ဒုံးကျည်စနစ်များကို ဝယ်ယူရန် အစီအစဉ်ကို ဂျပန်အစိုးရဝန်ကြီးအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်တွင် အတည်ပြု ပေးလိုက်သည်။

ထိုသို့ခွင့်ပြု ပေးလိုက်သောကြောင့် Patriot အမြောက်စုနှင့် Aegis တပ်ဆင်ထားသော စစ်သင်္ဘောများ ပါဝင်သော အဆင့် နှစ်ဆင့်ပါ လက်ရှိဂျပန်ဒုံးကျည် ကာကွယ်ရေးထဲသို့ ထပ်ဖြည့်ရန် Aegis Ashore စနစ် နှစ်ခုကို ကာကွယ်ရေး ဝန်ကြီးဌာနက ဝယ်ယူခွင့် ရသွားမည်ဖြစ်သည်။

“မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ဖွံ့ဖြိုးမှုဟာ ဂျပန်ရဲ့ အမျိုးသား လုံခြုံ ရေးအတွက် ပိုပြီးနီးကပ်လာတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်ကလည်း ဂျပန်နိုင်ငံကို စဉ်ဆက်မပြတ် ရှေရှည်ကာကွယ်သွားရေးအတွက် ကျွန်တော်တို့ရဲ့ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေး စွမ်းရည်ကို အပြင်းအထန် တိုးမြှင့်ဖို့ လိုပါတယ်” ဟု ဝန်ကြီးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းဒုံးကျည်စနစ် အသစ်များ တပ်ဖြန့်မှုသည် ကြီးထွားလာသည့် ဂျပန်ကာကွယ်ရေး စရိတ်များတွင် ထပ်ပေါင်းသွားမည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရကလည်း ဂျပန်စစ်တပ်ကို နိုင်ငံတကာ အခန်းကဏ္ဍတွင် ဝင်ပါခွင့်ပြုရေး၊ ဂျပန်ဒုံးကျည် တိုက်ခိုက်ရေး စွမ်းရည်ကို တိုးမြှင့်ရေးတို့အတွက် တိုက်တွန်းနေသည်။

ကာကွယ်ရေး အရာရှိများ၏ ပြောကြားချက်အရ Aegis Ashore စနစ်နှစ်ခုသည် ဂျပန်နှင့် အမေရိကန်တို့ ပူးတွဲဆောက်လုပ်ထားသည့် SM-3 Block IIA အစရှိသော ကြားဖြတ်ပစ်ချသည့် အဆင့်မြှင့်ဒုံးကျည်များဖြင့် ဂျပန်နိုင်ငံ တစ်ခုလုံးကို လွှမ်းခြုံနိုင်လိမ့်မည်ဟု သိရသည်။ ထိုဒုံးကျည်ကာကွယ်ရေး စနစ်တို့၏ တန်ဖိုးအတိအကျ ထွက်မလာ သေးသော်လည်း ယန်းဘီလျံ ၂၀၀ (ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ) ခန့် ကုန်ကျနိုင်မည်ဖြစ်သည်။

ဂျပန်အစိုးရ အရာရှိများကမူ ထိုစနစ်သည် ၂၀၂၃ ခုနှစ်တွင် စတင်လည်ပတ်ရန် အဆင်သင့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားခဲ့သည်။ ကာကွယ်ရေး အသုံးစရိတ်မှာ စံချိန်တင် မြင့်တက်နေလိမ့်မည်ဟု ခန့် မှန်းထားကြသော ၂၀၁၈ ခုနှစ်အတွက် အစိုးရ အသုံးစရိတ် ထွက်မလာမချင်း ဒုံးကျည်ကာကွယ်ရေး စနစ်တို့၏ တန်ဖိုးအတိအကျကို ဂျပန်အစိုးရ အရာရှိများက ပြောရန်ငြင်းဆန်ခဲ့သည်။ ထို့အတူ ထို Aegis Ashore တို့အား တပ်ဖြန့်မည့် နေရာကိုလည်း အစိုးရအရာရှိတို့က ပြောရန် ငြင်းဆန်ခဲ့ကြသည်။

ဂျပန်ကာကွယ်ရေး အရာရှိများက ၎င်းတို့သည် Aegis Ashore ၏စရိတ်ပိုမိုသက်သာမှု၊ စွယ်စုံရမှုကြောင့် THAAD ဒုံးခွင်းစနစ်နှင့်ယှဉ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒုံးကျည် ၄၈ စင်းနှင့် ရွှေ့လျားနိုင်သော ပစ်စင်ကိုးခုပါသော THAAD စနစ်တစ်ခုသည် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ကျသင့်မည်ဖြစ်သည်။ ဂျပန်အနေနှင့် နိုင်ငံကို ကာကွယ်ရန် ယင်းကဲ့သို့ ဒုံးကျည်စနစ် ခြောက်ခုထက်မနည်း လိုလိမ့်မည်ဟု သိရသည်။

တောင်ကိုရီးယားတွင် THAAD စနစ် တပ်ဖြန့်စဉ်က တရုတ်က လုံခြုံရေး ခြိမ်းခြောက်မှုဟု ရှုမြင်ပြီး ဒေါသတကြီး ကန့်ကွက်မှုများ လုပ်ခဲ့သေးသည်။

Ref : AFP

Most Read

Most Recent