မန္တလေးဈေးကွက်၌ မြန်မာနိုင်ငံထွက် အထွက်တိုးပြောင်းများကို တရုတ်နိုင်ငံမှ ရသလောက်ဝယ်ယူနေ

မန္တလေးဈေးကွက်၌ မြန်မာနိုင်ငံထွက် အထွက်တိုးပြောင်းများကို တရုတ်နိုင်ငံမှ ရသလောက်ဝယ်ယူနေ
Published 20 December 2017

စစ်ကိုင်းမြို့နယ်မှ အထွက်တိုးပြောင်း စိုက်ခင်းကို တွေ့ရစဉ်

မြန်မာပြည်ထွက် အထွက်တိုးပြောင်းများသည် ယခုအခါ မန္တလေးဈေးကွက်တွင် စတင်အရောင်းအဝယ်များ ဖြစ်နေသည့်အပြင် တရုတ်နိုင်ငံရှိ အရက်ချက် စက်ရုံများတွင်လည်း အဝယ်လိုက်နေကြောင်း မန္တလေး ကုန်သည်များထံမှ စုံစမ်းသိရသည်။

ယခင်က မြန်မာပြည်ထွက် အထွက်တိုး ပြောင်းများကို တိရစ္ဆာန် အစားအစာ အဖြစ်သာ စိုက်ပျိုး ထုတ်လုပ်ကြပြီး ယခုနောက်ပိုင်းတွင် အဆိုပါ အထွက်တိုးပြောင်းနှင့် အရက်ချက်လုပ်ရကြောင်းကို သိရှိလာကြပြီး အရက်အရည်အသွေးမှာလည်း ကောင်းမွန်သဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ အရက်ချက် စက်ရုံများမှ အထွက်တိုးပြောင်းကို ရသလောက် ဝယ်ယူနေကြောင်း မန္တလေးမြို့ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“အထွက်တိုးပြောင်းတွေဟာဆိုရင် နှမ်းစားပြောင်းပေါ့၊ မန္တလေးမှာဆိုရင် စတင်ပြီးတော့ အရောင်းအဝယ်တွေ ဖြစ်နေပြီ။ ကိုးလပိုင်းလောက်က စိုက်ခဲ့တဲ့ အထွက်တိုးပြောင်းဟာဆိုရင် ရာသီဥတုကလည်း မိုးကောင်း ခဲ့တဲ့အတွက် ဒီနှစ်တိုးတက် လာပါတယ်။ ဘယ်နေရာမှာ သုံးသလဲဆိုတော့ မြန်မာပြည်အနေနဲ့က နွားပဲကျွေးတယ်။ အခု ဒီဘက်ခေတ်ပိုင်းမှာဆိုရင် တရုတ်ပြည်ကနေပြီးတော့ ဘာလုပ်လာလဲဆိုရင် အရက်ချက်ရမှန်း သိလာတယ်။ အရက်ချက်ရမှန်းသိတော့ အရက်အရည်အသွေးလည်း မြင့်လာတဲ့အတွက် တရုတ်ပြည်က အထွက်တိုးပြောင်းကို ရသလောက် ဝယ်နေတယ်။ မြန်မာပြည်နဲ့ ကပ်လျက် ယူနန်ပြည်က အထူးသဖြင့် သူတို့ဆီက ဆောင်းတွင်းပိုင်း ဖြစ်တဲ့အတွက်ကြောင့် ဒီအရက်ကို ဆေးဝါးအနေနဲ့လည်း သောက်သုံးတယ်။ အရက်အနေနဲ့လည်း သတ်မှတ်ပြီး သောက်သုံးတာ ဖြစ်တဲ့အတွက် မြန်မာပြည်အနေနဲ့က အခု အသုံးချရမှန်း သိတဲ့အတွက် တောင်သူလယ်သမားတွေ အတွက်လည်း အကျိုးရှိတဲ့ နှမ်းစားပြောင်းပေါ့လေ” ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ယခုလိုအချိန်တွင် အထွက်တိုးပြောင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ သာ ဈေးရှိပြီး နောက်ဆုံး ဝါဆို၊ ဝါခေါင်လများ၌ ပစ္စည်းပြတ်လပ်သည့် အချိန်တွင် ကျပ် ၄၅၀၀၀ အထိ ဈေးမြင့်တက်လာကြောင်း၊ ယခုနှစ်တွင် အထွက်တိုးပြောင်း အဖွင့်ဈေးမှာ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၂၀၀၀ အဖွင့်ဈေးဖြစ်သဖြင့် ယခုနှစ် အထွက်တိုးပြောင်း ဈေးနှုန်းမှာ အလားအလာ ကောင်းမည်ဟု ယူဆကြောင်း မန္တလေး မြို့ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“ဈေးနှုန်းအနေနဲ့ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်ကို မန္တလေးမှာ လတ်တလော  ၃၂၀၀၀ ပြတ်ပါတယ်။ အခုလိုအချိန်မှာ မနှစ်က နှမ်းစားပြောင်း သုံးတင်းတစ်အိတ်ကို ၁၈၀၀၀ ပဲ ပြတ်တယ်။ နောက်ဆုံးပိတ် ဝါဆို ဝါခေါင်ပေါ့၊ ပြတ်သွားတဲ့ အခါမှာ ၄၅၀၀၀ အထိ ဈေးကတက်လာတယ်။ ဒီနှစ်က ၃၂၀၀၀ လောက် အဖွင့်ဈေး ဖြစ်တဲ့အတွက်  ဒီနှစ်ဈေးလည်း အလားအလာ ကောင်းမယ်လို့ ယူဆပါတယ်” ၎င်းက ပြောကြားသည်။

အထွက်တိုးပြောင်းကို ကျောက်ဆည်၊ မြင်းမူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ မကွေးတစ်ဝိုက် စိုက်ပျိုးကြပြီး အဓိက စိုက်ပျိုးသည့် ဒေသများမှာ မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာ ဒေသများဖြစ်ကြောင်း၊ ယင်းအထွက်တိုးပြောင်းမှာ မတ်ပဲ၊ ပဲစင်းငုံသီးနှံများအတိုင်း တစ်နှစ်လျှင် တစ်ခါသာ စိုက်ပျိုးလို့ရသည့် သီးနှံဖြစ်ပြီး လက်ရှိတွင် လှိုင်လှိုင်ထွက်ပေါ်နေပြီ ဖြစ်ကြောင်းနှင့် ပြည်ပပို့ကုန် အနေဖြင့်လည်း တင်ပို့လို့ရနေသည့်အတွက် အလားအလားကောင်းသည့် သီးနှံဟု ဆိုနိုင်သဖြင့် တောင်သူများ အနေဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

 

Most Read

Most Recent