စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်၌ တရားမဝင် ကျွဲ၊ နွားတင်ဆောင်လာသည့်  လှေနှစ်စင်းနှင့်အတူ ဘင်္ဂါလီ ၁၆ ဦး ဖမ်းဆီးရမိ

စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်၌ တရားမဝင် ကျွဲ၊ နွားတင်ဆောင်လာသည့်  လှေနှစ်စင်းနှင့်အတူ ဘင်္ဂါလီ ၁၆ ဦး ဖမ်းဆီးရမိ
Published 20 December 2017

မြန်မာ့ပင်လယ်ပြင်၌ လှေဖြင့် တရားမဝင် ကျွဲ၊ နွားများ တင်ဆောင်လာစဉ်

စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်၌ တရားမဝင် ကျွဲ၊ နွားတင်ဆောင်လာသည့် လှေနှစ်စင်းနှင့်အတူ ဘင်္ဂါလီ ၁၆ ဦးအား ဖမ်းဆီးရမိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၃၁ မိုင်ခန့်အကွာ၌ စက်မကြီး JD 4102 G75 HP လေးလုံးထိုး၊ ဂီယာဘောက်နှင့် တွဲလျက် တပ်ဆင်ထားသော အလျား ၅၁ ပေ ခြောက်လက်မ၊ အနံ ၁၁ ပေ ခြောက်လက်မ၊ ရေစူး လေးပေခန့်၊ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် တရားမဝင် ကျွဲ၊ နွား မှောင်ခိုလှေ တစ်စင်းအား ဘင်္ဂါလီလူမျိုး နာဂူ (ဘ) ရာကို အပါအဝင် ဘင်္ဂါလီ ခုနစ်ဦးနှင့်အတူ ကျွဲကိုးကောင်၊ နွားနှစ်ကောင်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၃၁ မိုင်ခန့်အကွာ၌ စက်မကြီး JD 4102 BZ DIESEL ENGINE 75 HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တပ်ဆင်ထားသော အလျား ၄၈ ပေ၊ အနံ ၁၂ ပေ၊ ရေစူးသုံးပေခန့်၊ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော တရားမဝင် ကျွဲ၊ နွား မှောင်ခို လှေတစ်စင်းအား ဘင်္ဂါလီလူမျိုး လာလူး (ဘ) အီစွက်အာလီ အပါအဝင် ဘင်္ဂါလီကိုးဦးအား ကျွဲ ၁၁ ကောင်၊ နွား ၂၂ ကောင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် တရားမဝင် ကျွဲ၊ နွားများအား ရေချမ်းပြင် ရဲကင်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent