မြိတ်မြို့၏ သမိုင်းဝင် နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ကန်ကြီးရေကန်ပေါင်ကို ပြန်လည်ပြုပြင် ဆယ်ယူမှုများ ပြုလုပ်နေပြီး တိုင်းဒေသကြီး အစိုးရက ဘတ်ဂျက် ကျပ်သိန်းနှစ်ထောင် ချထားပေးမည်ဖြစ်ကြောင်း သိရ

မြိတ်မြို့၏ သမိုင်းဝင် နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ကန်ကြီးရေကန်ပေါင်ကို ပြန်လည်ပြုပြင် ဆယ်ယူမှုများ ပြုလုပ်နေပြီး တိုင်းဒေသကြီး အစိုးရက ဘတ်ဂျက် ကျပ်သိန်းနှစ်ထောင် ချထားပေးမည်ဖြစ်ကြောင်း သိရ
Published 20 December 2017

ကန်ကြီးရေကန်ပေါင်ကို ပြန်လည်ပြုပြင် ဆယ်ယူနေစဉ်

မြိတ်မြို့၏သမိုင်းဝင် နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ အထင်ကရ ရေကန်ကြီး တစ်ခုဖြစ်သော ကန်ကြီးရေကန်ပေါင်ကို ပြန်လည်ပြုပြင် ဆယ်ယူမှုများ ပြုလုပ်နေပြီး တိုင်းဒေသကြီး အစိုးရကလည်း ဘတ်ဂျက် သိန်းနှစ်ထောင် ချထားပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ဒီဇင်ဘာ ၁၈ ရက်က မြိတ်မြို့သို့ ရောက်ရှိလာပြီး သမိုင်းဝင် ကန်ကြီးရေကန်ပေါင် ပြန်လည်ဆယ်ယူပြုပြင်မှု လုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်နေမှုများကို ကြည့်ရှုခဲ့ပြီး NLD ပါတီ အမှုဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“လာမယ့်မိုးရာသီ မကျခင်မှာ အပြီးသတ် ဆယ်ယူပြုပြင်ဖို့ လိုပါမယ်။ မိုးရွာလာရင် လုပ်ငန်းနှောင့်နှေးမှုတွေ ဖြစ်သွားနိုင်တယ်။ ကျွန်မတို့အနေနဲ့ ဒီဘတ်ဂျက်နှစ်မှာ မဟုတ်သေးဘဲ လာမယ့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်နှစ်မှာ ကျပ်သိန်းနှစ်ထောင် ချပေးပါမယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ကန်ကြီးရေကန်ပေါင်အား လာရောက်ကြည့်ရှုစဉ် ပြောကြားသည်။

သက်တမ်းနှစ်ပေါင်း ၂၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကန်ကြီးရေကန်ပေါင်ဟု ဒေသခံများ ခေါ်ဆိုသည့် ကန်တော်မင်္ဂလာကို မြန်မာမင်း ပဲတောင်စားမင်း တည်ထားခဲ့ကြောင်း သိရ သည်။ ရေကန်အတွင်း ငှက်မျိုးစိတ်များစွာရှိရာ ရေငှက် ၂၂ မျိုး၊ ကုန်းငှက် ၁၇ မျိုးနှင့် လိပ်မျိုးစိတ်များလည်း နေထိုင်လျက်ရှိကြောင်း မြိတ်တက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာဦးစိုးနိုင်က ပြောကြားသည်။

လက်ရှိတွင် ရေကန်ကြီးအတွင်းရှိ ရေ များကို စတင်ဖောက်ချနေပြီး မကြာမီ ကန်အား ပြန်လည်တူးဖော်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရေကန်ပေါင် ပြန်လည်ပြုပြင်ရေး ဆပ်ကော်မတီ ၁၅ ခုဖွဲ့စည်းထားပြီး ဆောင်ရွက်နေပါတယ်။ အခုလက်ရှိ ရေတွေစတင် ဖောက်ချနေပါပြီ။ ကန်ဆယ်ယူမှုကို လေးလလောက် ကြာမယ်လို့ ခန့်မှန်းထားတယ်။ ကုန်ကျစရိတ်က သိန်းခြောက်ထောင်ကျော်လောက် ကုန်မယ်လို့ ခန့်မှန်းထားတယ်။ ကန်ရဲ့ ရေထိန်းတံခါးနဲ့ တစ်ဖက်တစ်ချက်ကို ကျောက်တန်းစီပြီး ကျန်တဲ့နေရာတွေကို မြေသားပဲထားမှာပါ။ ဒါကြောင့် ယခင်တွက်ချက် ထားတာထက် နည်းနည်းသက်သာမှာဖြစ်ပြီး ကျပ်သိန်းခြောက်ထောင်လောက် ကုန်မယ်လို့ ခန့်မှန်းတာပါ” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ဆိုသည်။

ကန်ကြီးကန်ပေါင်မှာ ဧက ၂၀ ကျယ်ဝန်းပြီး ကန်အတွင်း ငါးမျိုးစိတ်များစွာလည်းရှိရာ ပြန်လည်ဆယ်ယူရာတွင် ငါးများကို ထိန်းသိမ်းထားရန် နေရာများ စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မြို့လယ်ရေကန်ရှိသည့် မြို့ ၂၀ ခန့်သာရှိရာ မြိတ်မြို့မှာ တစ်ခုအပါအဝင်ဖြစ်ပြီး သမိုင်းဝင် ရေကန်ကြီးကို ရေရှည်တည်တံ့ရန် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်းဖြစ်သလို အလှူရှင်များကလည်း ပါဝင်လှူဒါန်းမှုများ ပြုလုပ်ထားကြောင်း အင်ဂျင်နီယာ ဦးအောင်မျိုးလတ်က ပြောကြားသည်။

 

 

Most Read

Most Recent