ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိ ရုပ်အလောင်းများတွေ့ရှိကြောင်း တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိ ရုပ်အလောင်းများတွေ့ရှိကြောင်း တပ်မတော်ထုတ်ပြန်
Published 19 December 2017

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ လူများအား သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူတစ်ဦးက သတင်းပေးပို့ တိုင်ကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကနဦးသွားရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသဖြင့် နယ်မြေဒေသ ပြန်လည်တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ခြေအဆင့်အထိ အသိပေး ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း၊ အထက်ပါ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် သြဂုတ် ၂၅ ရက်မှစတင်၍ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်း ၃၀ ကျော် အား တစ်ပြိုင်နက် တိုက်ခိုက်အပြီးတွင် ပဋိပက္ခများမှာ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ် အစီရင်ခံစာ ထုတ်ပြန်မှုအပြီးတွင် ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်သူများအား အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန် ကြေညာထားသည်။

Most Read

Most Recent