ပင်လုံမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုအသံ ကောက်ခံဆွေးနွေးပွဲ တားဆီးခံရ

ပင်လုံမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုအသံ ကောက်ခံဆွေးနွေးပွဲ တားဆီးခံရ
Published 19 December 2017

ပင်လုံမြို့၌ ပြုလုပ်ရန် စီစဉ်ထားသည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုအသံကောက်ခံ ဆွေးနွေးပွဲ တားဆီးခံခဲ့ရကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် ရှမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ငါးဖွဲ့သည် ရှမ်းလူမျိုးများနေထိုင်ရာ နေရာများသို့ ဒီဇင်ဘာ ၁၇ ရက်မှ စတင်ကာ သဘောထားများ သွားရောက် ကောက်ခံရာ ပင်လုံမြို့တွင် ဒေသခံများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ သဘောထားအသံများကို ကောက်ခံရန် စီစဉ်ထားမှုကို တပ်မတော်ဘက်က တားဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“ဒီနေ့ ကျွန်မတို့က လွိုင်လင်မှာ မိုင်းပွန်ပါမယ်၊ ပင်လုံပါမယ်ပေါ့။ အဲဒီမှာ ပြည်သူလူထုတွေကို အယောက် ၇၀၊ ၈၀ လောက် ရှိမယ်။ အဲဒါတွေကို ကျွန်မတို့က လူထုရဲ့ အသံကို အကြိုသွားယူပြီးတော့မှ ကောက်ခံတာပါ။ ကျွန်မတို့ ရောက်သွားတဲ့အချိန်က မနက် ၈ နာရီခွဲကျော်ကျော်လောက် ရောက်သွားတော့ ကျွန်မတို့လည်းရောက်ရော သူတို့ရဲ့ စစ်ကားခြောက်စီးက ပတ်ပတ်လည်မှာ အကုန်လုံး နေရာချပြီးတော့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလန်စစ်ဌာနချုပ်တိုင်းမှူးက ဒီဆွေးနွေးပွဲမလုပ်ဖို့ တားမြစ်ခိုင်းတယ် ဆိုပြီးတော့ ဝင်လာတယ်။ ဝင်လာပြောတဲ့သူကတော့ တပ်နယ်မှူးပေါ့။ သူကနေ လာတားတာပေါ့။ အမိန့်ပေးလို့ လာတားတယ်ပေါ့။ လာတားတဲ့အခါကျတော့ RCSS ရဲ့ ဆက်ဆံရေးရုံးအရာရှိကလည်း ဝင်လာပြီး သူတို့နဲ့ညှိတယ်။ ညှိတော့ သူတို့က ဘာမှမသိဘူး။ ဒါအထက်က အမိန့်ကြောင့် ဘယ်သူရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပါ၊ ဘာညာပြောလည်း ကျွန်တော်တို့က လုံးဝပေးမလုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့ ဟန့်တားဖို့ တာဝန်ရှိတယ် ဆိုပြီးတော့ အင်အား အလုံးအရင်းကြီးနဲ့ပေါ့ တားတာပေါ့” ဟု တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) နန်းမြဦးက The Daily Eleven သတင်းစာကို ဒီဇင်ဘာ ၁၇ ရက်က ပြောကြားသည်။

ယင်းကဲ့သို့တားဆီးမှုကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဆက်ဆံရေးရုံးတာဝန်ခံက တောင်ကြီးသို့ သွားရောက်ညှိနှိုင်းမည်ဟု ဆိုသောကြောင့် ပင်လုံတွင် ဒီဇင်ဘာ ၁၇ ရက်အတွက် လူထုအသံ ကောက်ခံပွဲ ဆက်မလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများအား အကျိုးအကြောင်းရှင်းပြကာ တောင်းပန်စကားပြောဆို၍ ပြန်လွှတ်လိုက်ရကြောင်း ၎င်းက ဆိုသည်။

“ကျန်ရှိနေသေးတဲ့ တခြားနေရာတွေမှာတော့ ကျွန်မတို့ အစီအစဉ်ချထားတဲ့အတိုင်း ကျွန်မတို့အဖွဲ့ လွယ်ကော်လုပ်မယ်၊ ပင်လောင်းလုပ်မယ်။ အစီအစဉ်ချထားတဲ့ နေရာတွေမှာတော့ ဆက်လုပ်သွားမယ်ပေါ့။ ပင်လုံကဟာတော့ ဘယ်လိုလာမလဲ မသိသေးဘူး။ လူကြီးတွေလည်း ဘာမှမဆုံးဖြတ်ရသေးတော့ တခြားနေရာတွေမှာတော့ ရက်တွေက ချိန်းထားပြီးသားဖြစ်တဲ့အတွက် မလုပ်လို့မရဘူး။ ဆင်းရမှာပဲ” ဟု နန်းမြဦးက ဆက်လက် ပြောကြားသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ငါးဖွဲ့တွင် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်များ၊ ရှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ “ဖက်ဒရယ် ဒီမိုကရက်တစ်လမ်းကြောင်းကို သွားနေတယ်။ ကျွန်မတို့ လုပ်နေတယ်ဆိုတာလည်း NCA စာချုပ်ပါအတိုင်းလုပ်တာ။ NCA ဆိုတာလည်း တရားဝင် လက်မှတ်ထိုးထားတဲ့စာချုပ် နိုင်ငံတကာကနေပြီးတော့ လက်မှတ် ဝိုင်းထိုးထားတာလေ။ ဒီနေရာမှာ ဒီလိုဖြစ်တယ် ဆိုတာကတော့ ဖက်ဒရယ်ဒီမိုကရက် တစ်လမ်းကြောင်းမှာတော့ ဒီလိုလုပ်ရပ်တွေ မဖြစ်သင့်ဘူး။ ကိုယ့်ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတဲ့ အမူအရာမျိုးတို့ ဘာတို့ ညာတို့ဆိုတာ ဒီလိုပဲ ပိတ်ပင်တားဆီးတယ်ဆိုတာ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကတောင် ၂၀၁၇ ဆိုတာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတာပဲလေ။ အဲဒီလိုမျိုး အနေအထားမှာ ဒီလိုမျိုးလုပ်တယ်ဆိုတာ လူ့အခွင့်အရေးဘက်ကပဲကြည့်ကြည့် ဘယ်လိုပဲကြည့်ကြည့် မဖြစ်သင့်ဘူးလို့ မြင်ပါတယ်” ဟု တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) နန်းမြဦးက ပြောကြားသည်။

တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပမည့်နေရာ အငြင်းပွားနေမှုအပေါ် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ် လင်းခေးမြို့၌ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သဖြင့် ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပခွင့်အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေး မတိုင်မီကပင် ခွင့်ပြုထားသော်လည်း ဆွေးနွေးပွဲကျင်းပမည့် နေရာအား တပ်မတော်ဘက်မှ မိုင်းပန်မြို့၊ မုံးထော်/မုံးထမြို့၊ နမ့်ပန်ခွန်မြို့တို့တွင်သာ ကျင်းပရန် ထောက်ခံခဲ့ပြီး RCSS/SSA က တောင်ကြီးမြို့ (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပရန်တောင်းဆိုခဲ့သဖြင့် အငြင်းပွားခဲ့ခြင်းဖြစ်သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဦးဆောင်၍ တရားဝင် နိုင်ငံရေးပါတီပူးပေါင်းကာ ကျင်းပခွင့်ရှိပြီး လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပရန် RCSS/SSA၊ ရှမ်းနိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများက အကြိုဆွေးနွေးပွဲများ ကျင်းပထားပြီး မူဝါဒမူကြမ်းများ ရရှိထားကာ နိုင်ငံရေးသိက္ခာအရ တောင်ကြီး (သို့မဟုတ်) ပင်လုံတွင်သာ ကျင်းပခွင့်ပေးရန် RCSS/SSA က အစဉ်တစိုက် တောင်းဆိုခဲ့ပြီးနောက် လင်းခေးမြို့တွင် ကျင်းပရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား(ချင်း)၊ (ပအိုဝ်း)၊ (ကရင်) သုံးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား (ပဲခူး)၊ (တနင်္သာရီ)၊ (ရှမ်း) သုံးပွဲကျင်းပခဲ့ပြီး အဆိုပါ ခြောက်ပွဲမှရရှိထားသည့် သဘောထားစာတမ်းများကို စုစည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တင်သွင်း ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent