နောက်ထပ်ငါးနှစ် တာဝန်ယူနိုင်အောင် ကြိုးစားရမည်ဆိုသည့် အချက်ကို အားလုံးအား အသိပေးစေချင်ပါကြောင်း အလုပ်အမှုဆောင်များကို NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပြောကြား

နောက်ထပ်ငါးနှစ် တာဝန်ယူနိုင်အောင် ကြိုးစားရမည်ဆိုသည့် အချက်ကို အားလုံးအား အသိပေးစေချင်ပါကြောင်း အလုပ်အမှုဆောင်များကို NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ပြောကြား
Published 19 December 2017

နောက်ထပ်ငါးနှစ် တာဝန်ယူနိုင်အောင် ကြိုးစားရမည်ဆိုသည့်အချက်ကို အားလုံးအား အသိပေးစေချင်ပါကြောင်း အလုပ်အမှုဆောင်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ မင်္ဂလာဗျူဟာခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် နေပြည်တော်ခရိုင်နှင့် ရှစ်မြို့နယ် အလုပ်အမှုဆောင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းထိန်က “ဒေါ်အောင်ဆန်းစုကြည် မကြာမကြာပြောသလိုပဲ ကျွန်တော်တို့ တာဝန်ယူရတဲ့ ငါးနှစ်မှာ ဒီမိုကရေစီ အခြေကျအောင် ဆောင်ရွက်မယ်။ နောက်ထပ်ငါးနှစ်နဲ့ စုစုပေါင်း ၁၀ နှစ်လောက်ဆိုရင် ဒီမိုကရေစီက အခြေခိုင်လာမှာ ဖြစ်ပါတယ်။ အခုအချိန်ကတော့ ခနော်ခနဲ့ ဖြစ်နေမယ်။ မြေတောင်မြှောက်ဖို့၊ ရေလောင်းဖို့၊ သန့်စင်ဖို့လိုမယ်။ ၁၀ နှစ်လောက် ဆိုရင်တော့ ခိုင်ခိုင်မာမာရှိပြီဖြစ်တဲ့ အတွက်ကြောင့်၊ ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အဖွဲ့သားတွေဟာ နောက်ထပ် ငါးနှစ်လောက် တာဝန်ယူနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အချက်ကိုတော့ အားလုံးကို အသိပေးစေချင်ပါတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်လာသူများအား ပြောကြားသည်။

မဲပေးလိုက်သည့် ပြည်သူများ၊ မဲမပေးသည့် ပြည်သူများအားလုံး၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ရမည်ဟု ခေါင်းထဲတွင် ထည့်ထားရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ဆုံပွဲ အခမ်းအနားတွင် ဦးဝင်းထိန်က ပြောကြားသည်။

ဦးဝင်းထိန်က “ဒေါ်အောင်ဆန်းစုကြည် ချထားတဲ့မူအရ မြို့နယ်တစ်မြို့နယ်မှာ ကိုယ်နိုင်ထားသော်လည်း ကိုယ့်ကို မဲပေးတဲ့သူတွေတင်မကဘူး မဲမပေးတဲ့သူတွေကလည်း ကိုယ်နဲ့ဆိုင်တယ်။ သူတို့ရဲ့ သက်သာချောင်ချိရေးတွေဖြစ်ဖို့အတွက် ကျွန်တော်တို့နဲ့ဆိုင်တယ်။ အားလုံးရဲ့ခေါင်းထဲမှာ ရှိစေချင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ရောက်တဲ့အခါမှာ အချို့တော်တော်များများက ကိုယ့်ရဲ့အဓိက တာဝန်ကို မေ့နေပြီးတော့မှ ပင်နီတိုက်ပုံဝတ်ပြီးတော့ စွက်ဖက်တာတွေ ရှိတယ်။ အဲဒါတွေကို မြင်လည်းမြင်တယ်။ ကြားလည်း ကြားတယ်။ ပြောလည်း ပြောတယ်။ နောက်တစ်ခု လွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ၄၀၀ လောက်ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ ကျွန်တော်ရယ်၊ ဦးမျိုးညွန့်ရယ်၊ ဒေါက်တာဇော်မြင့်မောင်ရယ်က မကြာမကြာ ထိန်းနေရတယ်” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က “ကျွန်တော်တို့အစိုးရ တာဝန်ယူရတဲ့အချိန်ကစပြီးတော့ အခုထိဟာ အတွင်းရေးမှူးတာဝန်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကလွဲပြီး အကုန်ရောက်ပါတယ်။ ရောက်တဲ့အခါမှာ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ၊ ပါတီရဲ့ အနေအထားတွေကို အကဲခတ်တဲ့အခါမှာ ပြောမယ်ဆိုရင် ကျွန်တော်ပြောခဲ့တဲ့ စကားလိုပဲ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နာယကကြီး ဦးတင်ဦးတို့လည်း မကြာမကြာ ပြောခဲ့ပါတယ်။ ဘာလဲဆိုလို့ရှိရင် ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်သလို ချမ်းသာတဲ့ဒဏ်ကို ခံနိုင်ဖို့ အရေးကြီးတယ်။ ချမ်းသာတဲ့ဒဏ်ကို ခံနိုင်ဖို့ဆိုတာက ကိုယ်တာဝန်ယူရတဲ့အချိန်မှာ တာဝန်အရ ဆောင်ရွက်ပြီးတော့မှ ပေါ်ပေါက်လာတဲ့ အဂတိတရားတွေကို ကင်းကင်းရှင်းရှင်းနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ဦးဆောင်နိုင်ဖို့၊ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ့်ကို မဲပေးလိုက်တဲ့ပြည်သူတွေ၊ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ဦးစားပေးပြီးတော့ မြို့နယ်တိုးတက်ရာ တိုးတက်ကြောင်း၊ မဲဆန္ဒရှင်တွေရဲ့ ပြဿနာတွေကို ပြေလည်ရာ ပြေလည်ကြောင်း အထူးဂရုစိုက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအရ အမျိုးသားတွေတင်မကဘူး အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ထွန်းဖို့အတွက် အလေးပေးပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ နိုင်ငံတကာ စံနှုန်းများအရ ဘယ်လိုအဖွဲ့အစည်းမျိုးမဆို အမျိုးသမီးဦးရေဟာ ၃၀ ရာခိုင်နှုန်း ပါသင့်တယ်လို့ သတ်မှတ်တဲ့အခါမှာ ကျွန်တော်တို့လည်း အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ၃၀ ရာခိုင်နှုန်းပြည့်မီရုံနဲ့ မရဘူး။ အရည်အချင်းမရှိရင်လည်း အလကားပဲ။ အရည်အချင်းရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ဖော်ထုတ်တဲ့အခါမှာ ၂၀ ရာခိုင်နှုန်းလောက်ရအောင် ကြိုးစားယူရတယ်။ အဲဒီတော့ ကိုယ့်မြို့နယ်မှာရှိတဲ့ အမျိုးသားလူငယ်တွေ၊ အမျိုးသမီးတွေပါလာရင် အရည်အချင်းရှိရင် ရှိသလို နေရာပေးဖို့ တိုက်တွန်းချင်တယ်။ ကျွန်တော်ပြောခဲ့တဲ့ ဗဟိုညီလာခံတွေ၊ အမျိုးသမီးတွေ စတဲ့ကိစ္စတွေဟာ ၂၀၂၀ အတွက် ရည်ရွယ်တယ်။ ကျွန်တော်တို့ဟာ ပြည်သူနဲ့ မကင်းကွာတဲ့ ပါတီအဖြစ်ကနေပြီးတော့ ရပ်တည်ပြီး ကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးဝင်းထိန်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီဖွဲ့စည်းပုံ၊ ပါတီစည်းကမ်းများတွင် စနစ်ကျပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အကျဆုံးပါတီဟု ပြောဆိုနိုင်ကြောင်း၊ လူငယ်အင်အားများရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

Most Read

Most Recent