ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်မှု စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်မှု စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 19 December 2017

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စပရာ မီလာပတ်တန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်မှု စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် မဟုတ်ကြောင်း ၎င်းက ထုတ်ဖော် ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အထူးကိုယ်စားလှယ် မစ္စပရာမီလာ ပတ်တန်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ လာရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ အမျိုးသမီးများ အခွင့်အရေးများ ကာကွယ်ရာတွင် ကုလသမဂ္ဂ အနေဖြင့် နည်းပညာပိုင်း အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံခရီးစဉ်အတွင်း အထူးကိုယ်စားလှယ် မစ္စပရာမီလာပတ်တန်သည် နေပြည်တော်၌ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်စစ်ဆေးရေး အရာရှိချုပ်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စပရာမီလာပတ်တန်၏ ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရာ၌ အမျိုးသမီးများ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နည်းပညာ အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင်လည်း ဘေးဒဏ်ခံစားခဲ့ရသူများအား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးခြင်း၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများပေးခြင်းတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအား ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဆက်လက်၍ အထူးကိုယ်စားလှယ် မစ္စပရာမီလာပတ်တန်သည် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး ဘုတ်အဖွဲ့၊ အဖွဲ့ဝင် အငြိမ်းစားကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး ဦးထွန်းမြတ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့ပြင်ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်မှု စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန်အတွက် မဟုတ်ဘဲ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ နည်းပညာကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စ အကူအညီပေးနိုင်ရေး နည်းလမ်းများ၊ ဤကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု နိုင်ငံခြာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ ထောက်ထားသက်ညှာမည် မဟုတ်ကြောင်းနှင့် တိကျခိုင်မာသော သက်သေအထောက်အထားရှိပါက ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၁၂ ရက်ကကျင်းပသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ပြောကြားထားသည်။

Most Read

Most Recent