ကျောက်မီးသွေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သီးသန့်ဥပဒေမရှိသဖြင့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ ပြောကြား

ကျောက်မီးသွေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သီးသန့်ဥပဒေမရှိသဖြင့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ ပြောကြား
Published 19 December 2017

သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်သည့် ကျောက်မီးသွေးနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံတွင် သီးခြားဥပဒေ မရှိသေးသဖြင့် သီးခြားဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်သိပညာရှင်များက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာ တတိယအပတ်တွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခန်းမတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့စွမ်းအင် အကူးအပြောင်း (Global Energy Transition and Myanmar) ခေါင်းစဉ်ဖြင့် မြန်မာသဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဖွံ့ဖြိုးတဲ့နိုင်ငံတွေဟာ ၂၀၃၀ ပြည့်နှစ်အပြီး ပြည့်မြဲစွမ်းအင် အစားထိုးရမယ်။ ဒေါ်လေးတို့လို မဖွဲ့ဖြိုးသေးတဲ့ နိုင်ငံတွေက ၂၀၅၀ ပြည့်နှစ်မတိုင်ခင် ဒါတွေကိုအပြီးလုပ်ထားမယ်။ ဒေါ်လေးတို့က အဲဒါတွေကို ကြိုတင် စဉ်းစားပြီးတော့မှ ကျောက်မီးသွေးစွမ်းအင်ကို အတိုင်းအတာအရပဲ စဉ်းစားလို့ရမယ်။ ရေရှည် လူများတွေအားလုံး ဆုတ်နေတဲ့အချိန်မှာ ဒေါ်လေးတို့က ကျောက်မီးသွေး စွမ်းအင်တက်တဲ့ကိစ္စဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ ကျောက်မီးသွေး သယ်တာ ထားသိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနကို မူကြမ်းအနေနဲ့ ဒေါ်လေးတို့ တင်ထားပြီးဖြစ်တယ်။ ဒီချောင်းထဲမှာ အမှုန်တွေကျပြီးတော့ လူတွေရော၊ နွားတွေရော အန္တရာယ်မဖြစ်ဖို့ ကျောက်မီးသွေးသည် သတ္တုထဲမှာပါနေတယ်။ ဒါပေမဲ့သူ့အတွက် သီးသန့် ဥပဒေက မရှိဘူး။ အနောက်နိုင်ငံတွေမှာ သုံးနေတဲ့ သန့်စင်တဲ့ ကျောက်မီးသွေးပဲဖြစ်ဖြစ်။ အကုန်လုံး ကျောက်မီးသွေးအတွက် သီးသန့်ဥပဒေတွေ နည်းဥပဒေတွေ ပြဋ္ဌာန်းထားတယ်။ အဲဒီ အရင်ဆုံး စွမ်းအင်မသုံးခင် ဒါတွေကို အရင်လုပ်ဖို့ လွှတ်တော်မှာ တောင်းဆိုကြဖို့ လိုတယ်လေ။ ကျောက်မီးသွေးကို ဒေါ်လေးတို့ကတော့ သဘောမတူဘူး” ဟု မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်က ဆိုသည်။

စွမ်းအင်ဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး ပြန်ပြည့်မြဲစွမ်းအင်ကို အထောက်အကူပြုသည့် ဥပဒေမူဘောင်များ အမြန်ချမှတ် ဆောင်ရွက်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများကို ဒေသခံ ပြည်သူများနှင့်အတူ သေချာစနစ်တကျ လေ့လာရန်၊ ဒေသခံတို့၏ သဘောထားကို လေးစားလိုက်နာပြီး သဘောတူညီမှုရယူရန် နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်ကဏ္ဍကို အကောင်အထည်ဖော်ရာတွင် မြန်မာ့စွမ်းအင်မူဝါဒ၊ လိုအပ်သော ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အတူ တိုင်းဒေသကြီး ပြည်နယ်များအလိုက် အစိုးရ၏ သင့်တော်သော ဦးဆောင်ညွန်ကြားချက်များကို ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ပေးရန်၊ စွမ်းအင်နှင့် လျှပ်စစ်များကို ထုတ်လုပ်ခြင်း၊ သယ်ယူခြင်းများတွင် ပြည်ပ/ ပြည်တွင်း ကုမ္ပဏီများဖြစ်စေ နိုင်ငံတော်မှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရန် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ စွမ်းအင်ကဏ္ဍအတွက် လာရောက် ရင်းနှီးမြှုပ်နှံရာတွင် အဆင့်မြင့် နည်းပညာနှင့် ခေတ်မီစက်ပစ္စည်းအသစ်များကိုသာ သုံးစွဲရန်စသည့် အချက်အလက်များ အပါအဝင် သဘောထားများ အကြံပြုချက်များကို မြန်မာအစိမ်းရောင်ကွန်ရက် (Myanmar Green Network) က သဘောထား ထုတ်ပြန်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

“ကျောက်မီးသွေးက တူးတဲ့နေရာ၊ သယ်တဲ့နေရာ၊ သိုလှောင်တဲ့နေရာ ရောက်လေရာအရပ်မှာ ပတ်ဝန်းကျင်နဲ့ သက်ရှိတွေကို ဒုက္ခပေးတတ်ပါတယ်။ အဲဒီဒုက္ခတွေကို ကင်းဝေးအောင် ဘယ်လိုလုပ်မလဲဆိုတော့ သတ္တုဥပဒေမှာကတော့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်လေးတစ်ခုပဲ ရှိတယ်။ ကျောက်မီးသွေးထုတ်ရင် အင်မတန်အန္တရာယ်များတဲ့အတွက် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သီးခြားဥပဒေနဲ့ ပြဋ္ဌာန်းပြီးတော့ ကန့်သတ်ထိန်းချုပ်တာ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံကျတော့ ကျောက်မီးသွေးလုပ်ငန်းတွေ အရင်ကမလုပ်ခဲ့၊ မတွင်ကျယ်ခဲ့တဲ့အတွက် ဥပဒေမရှိဘူး။ ဥပဒေမဲ့ လုပ်မယ်ဆိုရင် ဘယ်သူမှ ထိန်းချုပ်လို့မရဘူး။ စည်းမရှိ ကမ်းမရှိ ဥပဒေမရှိတဲ့အတွက် ဘာမှတားလို့မရဘူး။ ပြင်ဆင်မှုထုတ်ရမယ်။ ဒါကိုဖြစ်ခါမှလိုက်ပြီး ပြင်ဆင်နေမယ့်အစား နဂိုကတည်းက တိတိကျကျ စည်းကမ်းဥပဒေ သတ်မှတ်ပြီး လုပ်မယ့်ဆိုရင် သက်ဆိုင်ရာ စည်းကမ်းသိမ်းထိန်းရမယ့် အာဏာပိုင်တွေကသော်လည်းကောင်း၊ သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် သတ္တုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူလည်း လက်ကိုင်ပြုနိုင်မယ့် ဥပဒေရှိမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာရင်လည်း ဒီဥပဒေဒီစည်းမျဉ်တွေရှိတဲ့အတွက် ကျွန်တော်တို့က တိတိကျကျ စာချုပ်ထဲမှာထည့်ပြီးတော့မှ စာချုပ်ချုပ်လို့ရမယ်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးဖြစ်သည့် ဦးစိန်မြင့်က ပြောကြားသည်။

Most Read

Most Recent