ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်သို့ ယခုတစ်ပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း အလုပ်သမား/လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
နေပြည်တော် MICC 2 တွင် ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားများနေ့ အခမ်းအနား အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အောက်ခြေလုပ်ငန်းအဖွဲ့တွေ ဖွဲ့ရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိပါတယ်။ အဲဒီအတွက် အဖွဲ့အစည်းဖွဲ့ဖို့ သွားညှိတာပါ။ သွားပြီးရင် အားလုံးသိအောင် ကြေညာမှာပါ။ ပြီးတော့ ဒါက MoU မှာ ပါပြီးသားပါ။ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးပြီးရင် အောက်ခြေလုပ်ငန်းအဖွဲ့တွေ ဖွဲ့ရမယ်။ အဲဒါဖွဲ့နိုင်ဖို့သွားတာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ပဲသွားမယ်။ စေလွှတ်မှာက အုပ်ချုပ်ရေးမှူးတို့၊ လဝကဆိုလည်း ညွန်ကြားရေးမှူးအဆင့်တို့၊ ဒေသဆိုင်ရာ အာဏာပိုင်ဆိုရင်လည်း ပြည်နယ်အဆင့်တို့ အဲဒါတွေပါမယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များ စသည့်ဌာနများမှ အရာရှိများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြန်လည်လက်ခံရေးလုပ်ငန်းအဖွဲ့အတွက် ဒေသတွင် အမှန်တကယ် နီးကပ်စွာ ဆောင်ရွက်နေရသူများကို ရွေးချယ်ကာ စေလွှတ် လုပ်ဆောင်စေခြင်းဖြစ်ပြီး တောင်ပြိုလက်ဝဲနှင့် ငခူရတို့တွင် တည်ဆောက်နေသည့် ပြန်လည်လက်ခံရေးစခန်းနှစ်ခုသည် လက်ရှိတွင် ပြီးစီးတော့မည်ဖြစ်ပြီး ယခုလကုန်တွင် အပြီးသတ် လုပ်ဆောင်နိုင်ရန် မှန်းထားကြောင်း၊ ယင်းစခန်းနှစ်ခုမှာသာ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ဖြည့်စွက်ရမည့် အချက်အလက်ပုံစံများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားပြီး နိုဝင်ဘာလအတွင်းက သဘောတူညီထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် ၁၀ ချက်နှင့်အညီ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် ၎င်းနိုင်ငံအတွင်း မြန်မာနိုင်ငံမှနေရပ်ရွှေ့ပြောင်းသူ ခြောက်သိန်းခန့်ရှိကြောင်း၊ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်ရန် မြန်မာအစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။