၂၀၁၈ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် လေပွေလှိုင်းနှင့် မုန်တိုင်းများကြောင့် မိုးရွာနိုင်သဖြင့် ဆားလုပ်ငန်း လုပ်ကိုင်သူများ၊ လယ်သမားများနှင့် ငါးဖမ်းသမားများ သတိပြုရန်လို

၂၀၁၈ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် လေပွေလှိုင်းနှင့် မုန်တိုင်းများကြောင့် မိုးရွာနိုင်သဖြင့် ဆားလုပ်ငန်း လုပ်ကိုင်သူများ၊ လယ်သမားများနှင့် ငါးဖမ်းသမားများ သတိပြုရန်လို
Published 19 December 2017

ပြင်စလူမြို့နယ်ရှိ ဆားကွင်းအချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ- မင်းသူဝင်းထွဋ်)

၂၀၁၈ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် လေပွေလှိုင်းနှင့် မုန်တိုင်းများကြောင့် မိုးရွာနိုင်သဖြင့် ဆားလုပ်ငန်း လုပ်ကိုင်သူများ၊ လယ်သမားများနှင့် ငါးဖမ်းသမားများ သတိပြုရန်လိုကြောင်း မိုးဇလပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“ဇန်နဝါရီမှာတော့ လေပွေလှိုင်းကြောင့် မိုးရနိုင်တယ်။ ကျန်တဲ့ လတွေကတော့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ မုန်တိုင်းတွေကြောင့် မိုးတွေရွာနိုင်တယ်။ ဒါကြောင့် ဆားသမား၊ လယ်သမားနဲ့ ငါးဖမ်းသမားတွေက သတင်းတွေကို အမြဲစောင့်ကြည့်စေချင်တယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲထက်ပိုမို ရွာသွန်းနိုင်ခြေရှိသည်ဟု ခန့်မှန်းရကြောင်း၊ အဆိုပါမိုးသည် လေပွေလှိုင်းနှင့်အတူ ရွာသွန်းမည်ဖြစ်ကြောင်း၊ ဆောင်းကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းအထိသာ ညအပူချိန်လျော့ပြီး အေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် မိုးရွာသွန်းမည့် အခြေအနေသည် တနင်္သာရီတိုင်းမှ အလယ်ပိုင်းဒေသ (မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း) မိုးရွာသွန်းနိုင်ပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးအရှေ့၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း မိုးရွာသွန်းမှု များနိုင်ကြောင်း၊ ဖေဖော်ဝါရီ၊ မတ်လတွေမှာ မိုးရွာနိုင်စရာ အကြောင်းသည် လေပွေအဆင့်ဖြင့် မရွာနိုင်ဘဲ မုန်တိုင်းငယ်များကြောင့်သာ မိုးရွာနိုင်ကြောင်း၊ ထို့ကြောင့် ပင်လယ်ပြင်မှ ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူများ ဖေဖော်ဝါရီနှင့် မတ်လများတွင် သတိထားရန်လိုကြောင်း၊ ယင်းကာလတွင်လည်း တောင်သူများနှင့် ဆားလုပ်ငန်း လုပ်ကိုင်သူများအတွက် ပိုအရေးကြီးကြောင်း ဦးချစ်ကျော်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆားလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံး လုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင်လည်း အချိန်မတိုင်မီ မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဆားကွင်းအများအပြား ထိခိုက် ပျက်စီးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent