<

အမြန်လမ်းတွင် အိမ်စီးကား တစ်စီး နောက်ဘီးပေါက် တိမ်းမှောက်ရာမှ လူ ၉ ဦး ဒဏ်ရာရရှိ

အမြန်လမ်း ၂၈၃ မိုင်အနီး ယာဉ်မတော်တဆမှု့အား ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၈၃ မိုင် ၄ ဖာလုံအနီးတွင် အိမ်စီးကားတစ်စီး နောက်ဘီးပေါက် တိမ်းမှောက်ရာမှ အမျိုးသမီး ရှစ်ဦး ၊အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ အုတ်ဖိုကျေးရွာနေ ဦးထွန်းဦး အသက် ၄၂ နှစ် မောင်းနှင်လာသော BGO/—– နံပါတ်ပါ Hyundai Grand Starex အဖြူရောင်ယာဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၈၃ မိုင် လေးဖာလုံကျော် အရောက်တွင် ကားဝဲဘက် နောက်ဘီးပေါက်သဖြင့် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ကာ တစ်ဘက်ယာဉ်ကြော မြေသားလမ်း ရေမြောင်းအတွင်းသို့ ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု့ကြောင့် ယာဉ်မောင်း ထွန်းဦး အသက် (၄၂) နှစ်၊ ဒေါ်တင်ငွေ အသက်(၇၀) နှစ်၊ ဒေါ်ခင်ငြိမ်း အသက်(၇၀) နှစ်၊ ဒေါ်တင်ဆင့် အသက် (၆၇) နှစ်၊ ဒေါ်ဝင်းရီ အသက်(၆၅)နှစ်၊ ဒေါ်စန်းလွင် အသက် (၅၃) နှစ်၊ဒေါ်စံရှားတင် အသက်(၅၃)နှစ်၊ မဆွေဆွေမြင့် အသက်(၃၂)နှစ်၊ မအေးငြိမ်းဝင်း အသက်(၂၆)နှစ် တို့ ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္တီလာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း သိရှိရသည်။

“ကားပေါ်မှာ လူက ၁၄ ယောက် ပါလာတာ၊ ကားက အိမ်စီးကားပါ၊ မှောက်လိုက်တော့ လူကိုးယောက် ဒဏ်ရာရသွားတယ်၊ ဘီးပေါက်ပြီး ချောက်ထဲထိ ကျသွားတယ်၊ ဒဏ်ရာရရှိတဲ့ အခြေအနေကတော့ သိပ်မစိုးရိမ်ရပါဘူး၊ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင် သုံးယောက်နဲ့ ကားတစ်စီး သွားရောက် ကူညီခဲ့ရပါတယ်” ဟု သီးကုန်းအမြန်လမ်း မီးသတ်စခန်းတာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု့အား သီးကုန်းအမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၃၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှု့ဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

December 18, 2017














Copy Protected by Chetan's WP-Copyprotect.